ရန်ကုန် ၃ ဇူလိုင် 


ရန်ကုန်မြို့ လမ်းမတော်မြို့နယ် ဗိုလ်ချုပ်အောင်ဆန်းလမ်း သူနာပြုတက္ကသိုလ် (ရန်ကုန်)နှင့် မျက်နှာချင်းဆိုင်နေရာတွင် ရန်ကုန်အထူးကုဆေးရုံသစ်ကြီးကို စတင် ဆောက်လုပ် လျက်ရှိကြောင်း သိရသည်။


အဆိုပါဆေးရုံသစ်ကြီးကို ခုနစ်ထပ်အဆောက်အဦဆောက်လုပ်မည်ဖြစ်ပြီး ဂျပန် နိုင်ငံအစိုးရ၏ ဖွံ့ဖြိုးတိုးတက်မှုအကူအညီအောက်မှ ဂျပန်ယန်း ၈ ဒသမ ၆၆၁ ဘီလီယံ အကုန်အကျခံကာဆောက်လုပ်မည်ဖြစ်ကာ အချို့သောဆေးဘက်ဆိုင်ရာပစ္စည်းများ ကိုလည်း လှူဒါန်းမည်ဖြစ်ကြောင်း သိရသည်။ ဆေးရုံသစ်ကြီး ဆောက်လုပ်ရန် ပန္နက်တင်မင်္ဂလာအခမ်းအနားကို ဧပြီ ၂၈ ရက်တွင် ကျင်းပခဲ့သည်။


ဆေးရုံသစ်ကြီးတည်ဆောက်ပြီးစီးပါက ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ နှလုံးရောဂါ ကုသရေးဌာန၊ နှလုံးခွဲစိတ် ကုသရေးဌာန၊ ဦးနှောက်နှင့်အာရုံကြောကုသရေးဌာန ဦးနှောက်နှင့်အာရုံကြော ခွဲစိတ်ကုသရေးဌာနများကို ပြောင်းရွှေ့ ကုသမည်ဖြစ်ကြောင်း သိရသည်။ ဆေးရုံသစ် အဆောက်အဦတည်ဆောက်ရေးလုပ်ငန်းများကို ၂၀၂၁ ခုနှစ် နှစ်ဦးပိုင်းတွင်ပြီးစီးမည်ဟုခန့်မှန်းထားကြောင်း JICA ထုတ်ပြန်ချက်များအရ သိရသည်။


JICA အနေဖြင့် မြန်မာနိုင်ငံတွင် ကျန်းမာရေးစောင့်ရှောက်မှုများ တိုးတက် ကောင်းမွန်လာစေရန် ရည်ရွယ်၍ ဆေးဘက်ဆိုင်ရာလူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုး တိုးတက်ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုစနစ် အားကောင်းလာစေရန် နည်းပညာ ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။ 


ထို့ပြင် လွိုင်ကော်၊ လားရှိုး၊ မကွေးတိုင်းဒေသကြီးနှင့် ထားဝယ်မြို့တို့ရှိ အထွေထွေ ရောဂါကုဆေးရုံကြီးများ ပြန်လည်ပြုပြင်မွမ်းမံရေးစီမံကိန်းများ၊ ကျေးလက်ကျန်းမာ ရေးဌာနများ ပြန်လည်ပြုပြင်မွမ်းမံခြင်းနှင့် အသစ်ဆောက်လုပ်ရေး စီမံကိန်းများ၊ လွိုင်ကော်အထွေထွေရောဂါကုဆေးရုံကြီးတွင် ဆေးရုံစီမံခန့်ခွဲမှုနည်းပညာများ သင်ကြားပေးခြင်း၊ ဆေးဘက်ဆိုင်ရာဆရာဝန် ၁၂ ဦးအား ဂျပန်နိုင်ငံသို့ ပါရဂူဘွဲ့ သင်တန်းများစေလွှတ်ခြင်း၊ ဆေးဘက်ဆိုင်ရာ ဆရာဝန်နှင့်ဆေးဘက်ဆိုင်ရာ ပညာရှင် ၅၅ ဦးတို့ကို ဂျပန်နိုင်ငံသို့ နှစ်တိုသင်တန်းများစေလွှတ်ခြင်း၊ ပထမဆုံးအကြိမ်အဖြစ် ဆေးဘက်ဆိုင်ရာ အင်ဂျင်နီယာ ၁၈ ဦး လေ့ကျင့်မွေးထုတ်ပေးခြင်း၊ ဆေးကုသမှု ဆိုင်ရာ မှတ်တမ်းကျွမ်းကျင်ပညာရှင် ၅၅၉ ဦး လေ့ကျင့်မွေးထုတ်ပေးခြင်း၊ ငှက်ဖျား ရောဂါတိုက်ဖျက်ရေး၊ HIV/AIDS နှင့် တီဘီရောဂါများအတွက် ဓာတ်ခွဲခန်း ဝန်ဆောင်မှုများ ထောက်ပံ့ပေးခြင်းများကို ပူးပေါင်းလုပ်ဆောင်လျက်ရှိကြောင်း သိရသည်။


ထင်ပေါ်ဝင်း(ကမာရွတ်)