သထုံ ၃ ဇူလိုင်
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲ၌ မဲပေးပိုင်ခွင့်ရှိသည့် နိုင်ငံသားများအားလုံး မဲပေးခွင့်မဆုံးရှုံးစေရေး တိကျမှန်ကန်သော မဲဆန္ဒရှင်စာရင်း ရရှိနိုင်ရန်အတွက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ စီစဉ်ဖွင့်လှစ်သည့် လူဦးရေစာရင်းအချက်အလက်များ ကောက်ယူခြင်းနှင့် မဲဆန္ဒရှင်စာရင်းပြုစုခြင်းဆိုင်ရာလုပ်ငန်းစီမံချက်ဆင့်ပွား သင်တန်းဖွင့်ပွဲကို ဇူလိုင်လ ၃ ရက်၊ နံနက် ၉ နာရီက သထုံမြို့ သုဝဏ္ဏခန်းမ၌ ကျင်းပပြုလုပ်သည်။
သင်တန်းဖွင့်ပွဲတွင် သထုံခရိုင်၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးရဲထွန်းဇော်က အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်အုပ်ချုပ်ရေးမှူးဦးသိန်းဝင်းက သင်တန်းဖွင့်လှစ်ရသည့်ရည်ရွယ်ချက်၊ လူဦးရေ စာရင်းအချက်အလက်များ ကောက်ယူခြင်း၊ အခြေခံမဲဆန္ဒရှင်စာရင်းပြုစုခြင်းလုပ်ငန်း ဆောင်ရွက်မည့် အစီအစဉ်များကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အရာရှိ ဦးဇော်မင်းဦးက စာရင်းကောက်ယူရေးလုပ်ငန်းစဉ်နှင့် နောက်ဆက်တွဲပုံစံများအား အသေးစိတ် ရှင်းလင်းဆွေးနွေးကာ လူဝင်မှုကြီးကြပ်ရေးနှင့်အမျိုးသား မှတ်ပုံတင်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဝင်းကိုစိုးက စာရင်းကောက်ယူခြင်းလုပ်ငန်း၌ ကူညီဆောင်ရွက် ပေးနိုင်မည့် အချက်များအား ရှင်းလင်းဆွေးနွေးရာ တက်ရောက်လာသူတို့က သိလိုသည်များကို မေးမြန်း ဆွေးနွေးခဲ့ကြသည်။
အဆိုပါသင်တန်းသို့ သထုံမြို့နယ် အတွင်းရှိ ရပ်ကွက် ကျေးရွာများမှ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ မဲဆန္ဒရှင်စာရင်းလိုက်လံ ကောက်ယူကြမည့် ဆရာဆရာမများ၊ ကျန်းမာရေးဝန်ထမ်းများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သက်ဦး(သထုံ)


