ခင်ဦး   ၃  ဇူလိုင် 


စစ်ကိုင်းတိုင်းဒေသကြီး၊ ကျွန်းလှမြို့နယ်ရှိ သဖန်းဆိပ်ရေလှောင်တမံတွင် ရေသိုလှောင်နိုင်သည့် ပမာဏ ဧကပေ (၂၈) သိန်းခန့်ရှိရာ ဇူလိုင်လ ၂ ရက်နေ့ထိ ရေလက်ကျန်မှာ (၆၉၆၄၉၇)ဧကပေသာ ကျန်ရှိတော့သဖြင့် မိုးစပါးလျာထား ဧရိယာများအား စိုက်ပျိုးရေအောင်မြင်စွာ ပေးဝေနိုင်ရန်အတွက် ဆည်ရေသောက် ဧရိယာများကို ဇူလိုင်လ ၃ ရက်နေ့မှစ၍ အလှည့်ကျစနစ်ဖြင့် ဆည်ရေများကို ပေးဝေသွားမည်ဖြစ်ကြောင်း ခင်ဦးမြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန မှသိရသည်။


အဆိုပါ ဆည်ရေများကို အလှည့်ကျ စနစ်ဖြင့် ရေပေးဝေသွားမည်ဖြစ်ကြောင်းကို မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ဝန်ထမ်းများက ဆည်ရေသောက်ကျေးရွာများသို့ သွားရောက်ပြီး ပျိုးထောင်ရေးနှင့် ထွန်ယက်ရေးအား လိုအပ်သည့်ပမာဏကိုသာ ရယူကြရန်၊ ကွက်ဆင့်သောက်စနစ်ဖြင့် ရေယူဧရိယာများတွင် မိမိလယ်ကွက်အတွင်း ရေပြည့်စုံပါက ကန်သင်းအလုံပိတ် မထားဘဲ အောက်ဘက်တောင်သူများအတွက် သဘောထားကြီးစွာဖြင့် ရေဖွင့်ပေးကြပါရန်၊ သဖန်းဆိပ်ရေလှောင်တမံ အတွင်းရှိ လက်ကျန်သိုလှောင်ရေ နည်းပါးနေသဖြင့် မိုးစပါးလျာထား ဧရိယာများအား စိုက်ပျိုးရေ အောင်မြင်စွာ ပေးဝေနိုင်ရန်အတွက် ရေကိုလေလွင့် ဆုံးရှုံးမှု မရှိစေဘဲ စနစ်တကျ သုံးစွဲကြရန်၊ ဆည်ရေသောက်ဧရိယာအတွင်း မိုးများစွာရွာသွန်းပါက ဆည်ရေ ပေးဝေမှုအား ခေတ္တထိန်းညှိ၍ ဆည်အတွင်းရေသိုလှောင်ထားရှိမည်ဖြစ်ကြောင်း၊ ရေလှည့်စနစ်ကျင့်သုံး၍ ရေပေးဝေမည် ဖြစ်သဖြင့် စည်းကမ်းချိုးဖောက်၍ မိမိရေလှည့်မဟုတ်ဘဲရေယူပါက ဆည်မြောင်းဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်းနှင့် အခက်အခဲရှိပါက ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ရန်ဖိတ်ခေါ်ပါကြောင်း စသည့်အချက်များကို လှည့်လည်နှိုးဆော်အသိပေးကြော်ငြာလျက်ရှိပြီး ရေအလှည့်အစီအစဉ်များပါရှိသော လက်ကမ်းများကို တောင်သူများထံသို့ ဖြန့်ဝေပေးလျက်ရှိကြောင်း ခင်ဦးမြို့နယ်တွင် ကင်းတပ်လက်ဝဲတူးမြောင်းမှ မိုးစပါးလျာထားဧက (၂၅၉၀၄) ဧက လျာထားကြောင်း မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးမှူး ဦးဆန်းနိုင် ထံမှသိရသည်။


စိုးဝေအောင်(ခင်ဦး)