စစ်တွေ ၃  ဇူလိုင် 


ရခိုင်ပြည်နယ် အမျိုးသမီးကော်မတီမှဦးဆောင်ပြီး (၂၃)နှစ်မြောက် မြန်မာအမျိုးသမီးများနေ့ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် စစ်တွေမြို့ ဦးဥတ္တမခန်းမ၌ ကျင်းပသည်။


အခမ်းအနားတွင် ပြည်နယ်အမျိုးသမီးကော်မတီဥက္ကဌ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာ ချမ်းသာက ယနေ့သည် မြန်မာအမျိုးသမီးများနေ့ကို ကျင်းပလာသည်မှာ ၂၃ နှစ်ပြည့်ခဲ့ပြီဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်တွင် ပြည်နယ်အမျိုးသမီးကော်မတီမှ ဦးဆောင်ပြီး အမျိုးသမီးများနေ့အခမ်းအနားများ၊ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့အခမ်းအနားများ၊ အမျိုးသမီးများအား အကြမ်းဖက်မှုဆန့်ကျင် သည့် ၁၆ ရက်တာ လှုပ်ရှားမှုအခမ်းအနားများကို ကျင်းပပြုလုပ်လျှက်ရှိပါကြောင်း၊ ထို့အပြင် ရုပ်ရှင်ပွဲ တော်များ၊ အသိပညာပေး မြေစိုက်ပိုစတာစိုက်ထူခြင်းများ၊ ကျား၊မတန်းတူညီမျှရေးဆိုင်ရာ အသိ ပညာပေးသင်တန်းများ၊ ဟောပြောပွဲများ၊ စွမ်းရည်မြှင့်သင်တန်း၊ အသက်မွေးဝမ်းကျောင်း သင်တန်းများ ဖွင့်လှစ်ပေးခြင်းအပြင် ကူညီပံ့ပိုးပေးခြင်းများနှင့် အိမ်ထောင်စုများကို ထောက်ပံ့ပေးခြင်းတို့ကို အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်းနှင့် အမျိုးသမီးများ၏ ဘဝဖွံ့ဖြိုးရေး၊ စီးပွားရေးတိုးတက်ရေးတို့နှင့် သက်ဆိုင်သည့် လုပ်ငန်းအစီအစဉ်များ၊ စီမံကိန်း၊ စီမံချက်၊ လမ်းညွှန် ချက်များကို သက်ဆိုင်ရာအစိုးရဌာနအဖွဲ့အစည်းများ၊ လွှတ်တော်များ၊ ပြည်တွင်းပြည်ပအစိုးရ မဟုတ်သော အဖွဲ့အစည်းများနှင့် လူမှုရေး၊ စီးပွားရေးအဖွဲ့အစည်းများမှ ဝိုင်းဝန်ဖော်ဆောင်ပေးကြစေလိုကြောင်း ပြောကြားသည်။


ဆက်လက်၍ ပြည်နယ်လူမှုရေးဝန်ကြီးနှင့် ပြည်နယ်ဝန်ကြီးများ၊ ဥပဒေချုပ်၊ စာရင်းစစ်ချုပ် တို့က ၂၀၁၉ ခုနှစ် ပြည်နယ်အဆင့် ထူးချွန်အမျိုးသမီးများဖြစ်သော ပညာရေးတွင် ထူးချွန်အမျိုး သမီး(၄) ဦးနှင့် အားကစားတွင် ထူးချွန်အမျိုးသမီး (၉) ဦးတို့အား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ကြသည်။


ထို့နောက် မူကြိုကျောင်းများမှ ကလေးငယ်များက အမျိုးသမီးများနေ့ အထိမ်းအမှတ် တေးသီချင်းများဖြင့် ကပြဖြေဖျော်ကြပြီး အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တားဆီးကာကွယ်ရေး ပညာပေးပြဇာတ်ဖြင့် တင်ဆက်ဖြေဖျော်ကြာကာ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများက အထိမ်းအမှတ် ပြခန်းများအား လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။ 


တင်ထွန်း(ပြန်/ဆက်)