စစ်ကိုင်း ၃ ဇူလိုင်


စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ကမ်းပြိုကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးရန်အတွက် တိုင်းဒေသကြီးအစိုးရ အဖွဲ့ထံ ရန်ပုံငွေ ၇၉ ဘီလီယံတောင်းခံခဲ့ရာ ရန်ပုံငွေ ၉ ဘီလီယံသာ ရရှိခဲ့ကြောင်း သိရသည်။


စစ်ကိုင်းတိုင်းဒေသကြီးတွင် ချင်းတွင်းမြစ်၊ ဧရာဝတီမြစ်တို့ ဖြတ်သန်းစီးဆင်းရာအပြင် မြစ်လက်တက်များစွာ၊ ချောင်းပေါင်း များစွာရှိသောကြောင့် ကမ်းပြိုကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးရန် များပြားသဖြင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ကမ်းပြိုကာကွယ်ရေးအတွက် ရန်ပုံငွေ ၇၉ ဘီလီယံ တောင်းခံခဲ့ကြောင်း သိရသည်။


"စစ်ကိုင်းတိုင်းဒေသကြီးမှာ ဧရာဝတီမြစ်နဲ့ ချင်းတွင်းမြစ် ဖြတ်သန်းပါတယ်။ ဒီမြစ်နှစ်ခုအပြင် မြစ်လက်တက် များစွာ၊ ချောင်းပေါင်းများစွာ ဖြတ်သန်းပါတယ်။ ဖြတ်သန်းတဲ့အခါကျတော့ ကမ်းပြိုကာကွယ်ရေးလုပ်ငန်းတွေက ဆောင်ရွက်ပေးရမှာ များပြားပါတယ်။ ကျွန်တော်တို့ လုပ်ချင်တာက ချင်းတွင်းမြစ်၊ ဧရာဝတီမြစ်ကို ရာသီမရွေး သွားလာနိုင်တဲ့ မြစ်ကြောင်းဖြစ်အောင် ရေလမ်းကြောင်းတွေ ထိန်းသိမ်းကာကွယ် စောင့်ရှောက်ဖို့ လုပ်ပေးရမှာပါ" ဟု စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်း က ပြောသည်။ 


၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ကမ်းပြိုကာကွယ်ရေး လုပ်ငန်းပေါင်း ၂၄၀ ဆောင်ရွက်ပေးနိုင်ရန်အတွက် ရန်ပုံငွေ ၇၉ ဘီလီယံ တောင်းခံခဲ့ရာ ရရှိသည့်ရန်ပုံငွေမှာ ကိုးဘီလီယံသာ ရရှိခဲ့ခြင်းဖြစ်သောကြောင့် ယခုဘဏ္ဍာနှစ်တွင် ကမ်းပြိုကာကွယ်ရေး လုပ်ငန်း ၄၂ ခုသာ ဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။ 


သူရိန်လင်း