ဒီးမော့ဆို ၃ ဇူလိုင်
ကယားပြည်နယ် လွိုင်ကော်ခရိုင် ဒီးမော့ဆိုမြို့နယ်တွင် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ ဒီးမော့ဆို Women Club နှင့် Care Myanmar တို့ ပူးပေါင်း၍ ဇူလိုင် ၃ ရက်တွင် ကျရောက်သော မြန်မာ အမျိုးသမီးများနေ့ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက ဒီးမော့ဆိုကျေးရွာအုပ်စု ဒေါငံခါးရပ်ကွက်-၂ ငြိမ်းချမ်းခြင်း ခန်းမဆောင်တွင် ကျင်းပသည်။
အခမ်းအနားကို ဒီးမော့ဆို Women Club အဖွဲ့ဝင်များနှင့် WDC အမျိုးသမီး ဗုံပလွေအဖွဲ့တို့က ကြိုဆိုသော မနက်ဖြန်များ သီချင်းဖြင့် သီဆိုဖွင့်လှစ်ပြီး မြို့နယ်အမျိုးသမီးရေးရာကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဉာဏ်လှိုင် က အခမ်းအနား ကျင်းပရခြင်းနှင့် ပတ်သက်၍ အမှာစကား ပြောကြားသည်။ ဆက်လက်၍ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ အဖွဲ့ဝင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ထိုက်ထိုက်စိုး က မြန်မာအမျိုးသမီးများနေ့ အကြောင်း ရှင်းလင်းပြောကြားပြီး GBV Working Group ကိုယ်စား GBV လုပ်ငန်းအဖွဲ့ ညှိနှိုင်းရေးမှူး ဒေါ်ဖလော်ရာဂျူး က ကျား/မ အခြေပြု အကြမ်းဖက်မှုနှင့် ပတ်သက်သော သတင်းအချက်အလက်များကို ရှင်းလင်းပြောကြားသည်။
ထို့နောက် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် ပြိုင်ပွဲတွင် ဆုရရှိသော ကျောင်းသား ကျောင်းသူများအား ဆုများ ချီးမြင့်ရာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးပေါလ်ဆိုင်း က အလယ်တန်းအဆင့် ကဗျာရွတ်ဆိုပြိုင်ပွဲတွင် ဆုရရှိသော ကျောင်းသားကျောင်းသူများကို လည်းကောင်း၊ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးဘော်ရယ်စိုးဝေ က မူလတန်းအဆင့် ကဗျာရွတ်ဆိုပြိုင်ပွဲတွင် ဆုရရှိသော ကျောင်းသားကျောင်းသူများကို လည်းကောင်း၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူး ဦးကြီးဒဲရယ် က အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသော ကျောင်းသားကျောင်းသူ များကိုလည်းကောင်း ဆုများ ပေးအပ်ချီးမြင့်ပြီး မြို့နယ်အတွင်း ရာအိမ်မှူး ၁၉၀ ဝန်းကျင်ရှိသည့်အနက် အမျိုးသမီးတစ်ဦးသာ ပါဝင်သော ကျေးရွာရာအိမ်မှူး ဒေါ်ဝီတိုးရီယာမီးမီး အား ဂုဏ်ပြုမှတ်တမ်းလွှာ ချီးမြှင့်ခဲ့သည်။
ယင်းနောက် အခမ်းအနားသို့ တက်ရောက်လာကြသူများအား စီဒေါ နှင့်ပတ်သက်သော ဗီဒီယိုပြသခြင်း၊ တေးသရုပ်ဖော် အကများဖြင့် ဖျော်ဖြေတင်ဆက်ခြင်း၊ အမျိုးသမီးဂုဏ်ပြု ပြဇာတ်တင်ဆက်ခြင်း၊ ရိုးရာယဉ်ကျေးမှုအက တင်ဆက်ခြင်းနှင့် စုပေါင်းမှတ်တမ်းဓာတ်ပုံ ရိုက်ကူးခြင်းများကို ဆောင်ရွက်ကြကြောင်း သိရသည်။
ယနေ့ အခမ်းအနားသည် ကျား/မ အခြေပြု အကြမ်းဖက်မှုနှင့် ပတ်သက်သော ကာကွယ်တားဆီးရေး၊ တုန့်ပြန်ဆောင်ရွက်ခြင်းနှင့် ညှိနှိုင်းဆောင်ရွက်မှုများ အစရှိသည့် လုပ်ငန်းများ ဆောင်ရွက်ရာတွင် ကျေးရွာအဆင့်၊ မြို့နယ်အဆင့်၊ ပြည်နယ်အဆင့်အထိ ပိုမိုထိရောက် ချိတ်ဆက်မှု အားကောင်းလာစေရန်နှင့် ဂုဏ်ပြုထိုက်သူများကို ဂုဏ်ပြုနိုင်ရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
ရီရယ်(ဒီးမော့ဆို)


