နေပြည်တော် ၃ ဇူလိုင် 


    
မြန်မာနိုင်ငံ၏ e-ID စနစ်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် e-ID စနစ် လုပ်ငန်းကော်မတီ၏ တတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားသို့ e-ID စနစ်လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ၊ လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသာဦးနှင့် လုပ်ငန်းကော်မတီဝင်များ၊ တာဝန်ရှိသူများ တက်ရောက်ကြသည်။


    
အစည်းအဝေးတွင် လုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးက မိမိတို့ဝန်ကြီးဌာန အနေဖြင့် e-ID Population Registry စနစ် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ဆက်စပ်ဝန်ကြီးဌာနများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့ပြင် နိုင်ငံတကာအဖွဲ့ အစည်းများနှင့်လည်း ညှိနှိုင်းဆွေးနွေးဆောင်ရွက်ခဲ့ရာ ဩစတြီးယားနိုင်ငံ OeSD မှ e-ID စနစ် တည်ဆောက်ရန်အတွက် ပံ့ပိုးကူညီဆောင်ရွက်ပေးမည့် အစီအစဉ်များနှင့် ပတ်သက်၍ စီမံကိန်း အဆိုပြုဆောင် ရွက်ခဲ့ပါကြောင်း၊ ယင်းစီမံကိန်းအဆိုပြုလွှာနှင့့််ပတ်သက်၍ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ရှေ့နေချုပ်ရုံးနှင့် ဖွံ့ဖြိုးမှုအကူအညီများညှိနှိုင်းရေးအဖွဲ့ (DACU) တို့သို့ သဘောထားမှတ်ချက်များ တောင်းခံခဲ့ပြီး ဖြစ်ပါကြောင်း။

 

ထို့အပြင် e-ID စနစ် လုပ်ငန်းကော်မတီဝင်များနှင့် ဆပ်ကော်မတီများအလိုက် စီမံကိန်း အဆိုပြုလွှာအပေါ် အကြံပြုချက်များ တောင်းခံစုစည်းထားပြီးဖြစ်ရာ အကြံပြုချက်များနှင့် ပတ်သက်၍ စီမံခန့်ခွဲရေးဆိုင်ရာအကြံပြုချက်၊ နည်းပညာပိုင်းဆိုင်ရာ အကြံပြုချက်၊ သဘောတူ စာချုပ်ဆိုင်ရာ အကြံပြုချက်များဟူ၍ အပိုင်း(၃)ပိုင်းခွဲခြားစုစည်းထားပါကြောင်း၊ ယခုတက်ရောက်လာသည့် ကော်မတီဝင်များအနေဖြင့် ယင်းအကြံပြုချက်များကို ထပ်မံဖြည့်စွက်လိုသည့်အချက်များ၊ ညှိနှိုင်းဆွေးနွေးလိုသည့်အချက်များရှိပါက ဖြည့်စွက်ဆွေးနွေး ပေးကြရန် ဖြစ်ပါကြောင်း၊ ဩစတြီးယားနိုင်ငံ OeSD ၏  အဆိုပြုလွှာတွင် Unique ID ထုတ်ပေးသည့်အဆင့်အထိသာပါရှိပြီး ကတ်ထုတ်ပေးခြင်း၊ ရုံးအဆောက်အဉီနှင့် အင်တာနက်ကွန်ယက်များ၊ အုပ်ချုပ်မှုဆိုင်ရာ အထွေထွေ ကုန်ကျစရိတ်များ ပါဝင်ခြင်းမရှိသဖြင့် ကျန်ရှိသည့်ကုန်ကျမည့်ငွေများကို နိုင်ငံတော်ဘတ်ဂျက်မှ တောင်းခံသုံးစွဲရမည်ဖြစ်ပါကြောင်း ယင်းခန့်မှန်းကုန်ကျစရိတ်များကို သက်ဆိုင်ရာဆပ်ကော်မတီများအလိုက် ခန့်မှန်းတွက်ချက်ပေးထားပါကြောင်း၊ OeSD ၏ အဆိုပြုလွှာအပေါ် အကြောင်းပြန်ကြားနိုင်ရေးအတွက် စီးပွားရေးရာကော်မတီထံ အမှာစာပေးပို့ တင်ပြပြီး၊ ခွင့်ပြုချက်ရရှိမှသာ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ယင်းကာလအတွင်း စီမံကိန်းအဆိုပြုလွှာနှင့် ပတ်သက်၍ ဖြည့်စွက်အကြံပြု ဆွေးနွေးပေးကြစေလိုကြောင်း၊ အပြီးသတ် ဆွေးနွေးအကြံပြုချက်များကို OeSD နှင့် အသေးစိတ် ပြန်လည်ညှိနှိုင်း ဆွေးနွေးသွားမည်ဖြစ်သဖြင့် တက်ရောက်လာကြသူများအနေဖြင့် OeSD ၏ အဆိုပြုလွှာအပေါ် ပွင့်ပွင့်လင်းလင်းသုံးသပ် ဆွေးနွေးအကြံပြုပေးကြရန် တိုက်တွန်းပါကြောင်း ရှင်းလင်းပြောကြားသည်။    


    
ထို့နောက် လုပ်ငန်းကော်မတီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးသာဦးနှင့် ကော်မတီဝင်များက e-ID စနစ်အကောင်အထည်ဖော် ဆောင်ရွက်မှုအခြေအနေ၊ ဩစတြီးယားနိုင်ငံ OeSD ၏ စီမံကိန်း အဆိုပြုလွှာနှင့်ပတ်သက်၍ စီမံခန့်ခွဲရေး၊ နည်းပညာပိုင်းနှင့် လုပ်ငန်းဆိုင်ရာသဘောတူစာချုပ် စသည့် အကြံပြုချက်များအပေါ် ကဏ္ဍအလိုက် သုံးသပ်တွေ့ရှိမှုများ၊ မိမိတို့နိုင်ငံ၌အသုံးပြုမည့်     e-ID စနစ်အတွက် အထောက်အကူပြုနိုင်မှုနှင့် လက်တွေ့ဆောင်ရွက်နိုင်မည့် အခြေအနေ၊ ပြည်တွင်း/ ပြည်ပအပါအဝင် နိုင်ငံတကာအဆင့်ဖြင့် စနစ်တစ်ခုလုံး ချိတ်ဆက်ဆောင်ရွက်နိုင်မှု၊ နည်းပညာပိုင်းဆိုင်ရာ အကြံပေးအဖွဲ့ ဖွဲ့စည်းဆောင်ရွက်နိုင်ရေးနှင့် လုပ်ငန်းဆိုင်ရာ စက်ပစ္စည်းများ၊ စနစ်များကို ဆက်လက်လွှဲပြောင်းထိန်းသိမ်း၍ အဆင့်မြှင့်တင်ဆောင်ရွက်မည့် အစီအစဉ်များ လုပ်ဆောင်နိုင်ရေးအခြေအနေ၊ e-ID စနစ်အကောင်အထည်ဖော် ဆောင်ရွက်မည့် အစီအစဉ်များနှင့် ပတ်သက်၍ ပြည်သူလူထုမှသိရှိစေရန်အတွက် မီဒီယာများမှတစ်ဆင့် ကျယ်ကျယ်ပြန့်ပြန့်ထုတ်ပြန် ကြေညာအသိပေးသွားရန် လိုအပ်မှုအခြေအနေ၊ လုပ်ဆောင်မည့်လုပ်ငန်းများအား အသေးစိတ် စီမံချက်ရေးဆွဲ၍ သတ်မှတ်ကာလအတွင်း ပြီးစီးအောင်လုပ်ဆောင်သွားမည့် အခြေအနေတို့နှင့် စပ်လျဉ်း၍ သုံးသပ်ဆွေးနွေးအကြံပြုကြသည်။ 
    

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များ ဖြည့်စွက်မှာကြားပြီး အားလုံး၏ အကြံပြုချက်များကို အလေးထားဆောင်ရွက်သွားမည်ဖြစ်ပြီး OeSD မှ ကျွမ်းကျင်ပညာရှင်အဖွဲ့သည် ယခုလ ဒုတိယအပတ်အတွင်း လာရောက်ရန်ရှိသဖြင့် လုပ်ငန်းများ ဆက်လက်လုပ်ဆောင်နိုင်ရန် မိမိတို့ဘက်မှ တွေ့ရှိချက်၊ အကြံပြုချက်များကို တိတိကျကျဆွေးနွေးနိုင်ရန် တာဝန်ရှိသူများအနေဖြင့့်် ကြိုတင်ပြင်ဆင်ထားကြရန်နှင့် ယခု e-ID စနစ်လုပ်ငန်းစဉ်သည် နိုင်ငံအတွက် အရေးကြီးသည့်လုပ်ငန်းတစ်ခုဖြစ်သဖြင့် e-ID စနစ် အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများမှ ဝိုင်းဝန်းကူညီပံ့ပိုးဆောင်ရွက်နိုင်ရေး နိဂုံးချုပ်စကားပြောကြားခဲ့ကြောင်း သိရသည်။  

 

သတင်းစဉ်