နေပြည်တော် ၃ ဇူလိုင်
တည်ဆဲလယ်ယာမြေဆိုင်ရာ ဥပဒေများနှင့်အညီ တောင်သူလယ်သမားတိုင်း လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် အသုံးပြုခွင့်များ အပြည့်အဝရရှိစေရေး၊ မြေယာများအသုံးပြုရာတွင် ရေးဆွဲချမှတ်ထားသည့် စီမံကိန်းရည်မှန်းချက်ပါအတိုင်း စနစ်တကျ ဖော်ထုတ်အသုံးချ ဆောင်ရွက်ကြရန်လိုအပ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ပြောကြားသည်။
ဆက်လက်၍ ၂၀၁၂ ခုနှစ် လယ်ယာမြေဥပဒေ၏ လိုအပ်ချက်များကို လွှတ်တော်အသီးသီး၌ ပြင်ဆင်ရေးဆွဲလျက်ရှိရာပြင်ဆင်သည့် ဥပဒေမပြဋ္ဌာန်းနိုင်သေးမီ ကာလအတွင်း တည်ဆဲလယ်ယာမြေဥပဒေပါ ပြဋ္ဌာန်းချက်များအတိုင်း လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ဥပဒေနှင့်ညီညွတ်သည့် ညွှန်ကြားချက်များ ထုတ်ပြန်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ သို့မှသာ တည်ဆဲဥပဒေနှင့် အညီလိုက်နာရမည့် စည်းကမ်းချက်များ လိုက်နာဆောင်ရွက်နိုင်ကြမည် ဖြစ်သကဲ့သို့ တစ်ဘက်တွင်လည်း ဥပဒေပါအတိုင်း အကျိုးခံစားခွင့်များ ပြည့်ဝစွာ ခံစားနိုင်ကြမည်ဖြစ်ကြောင်း ယနေ့ မွန်းလွဲ ၁ နာရီက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည့် ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ ၂၂ ကြိမ်မြောက် အစည်းအဝေးတွင် အဖွဲ့ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ထိုကဲ့သို့ ပြောကြားခြင်းဖြစ်သည်။
ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ ၂၂ ကြိမ်မြောက် အစည်းအဝေးသို့ ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးလှကျော်နှင့် အဖွဲ့ဝင်များစုံညီစွာ တက်ရောက်ဆွေးနွေးကြသည်။
အစည်းအဝေးတွင် အတွင်းရေးမှူး ဦးသက်နိုင်ဦးက လယ်ယာမြေအခြားနည်း ခွင့်ပြုမိန့်ရရှိပြီးသော ကိစ္စအပေါ် လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများနှင့် အစည်းအဝေးက ဆွေးနွေးဆုံးဖြတ်ရမည့် လုပ်ငန်းစဉ်များအား ဖတ်ကြားတင်ပြရာ အစည်းအဝေး တက်ရောက်လာကြသူများက ဝိုင်းဝန်းဆွေးနွေးဆုံးဖြတ်ကြသည်။
ယနေ့အစည်းအဝေးကျင်းပသည့် အစည်းအဝေးတွင် နိုင်ငံတော်စီမံကိန်းလုပ်ငန်းများ၌ ပါဝင်ခဲ့သည့် လယ်မြေယာမြေများအတွက် နစ်နာကြေးလျော်ကြေးနှင့် သီးနှံလျော်ကြေးဆိုင်ရာများ၊ တိုင်းဒေသကြီး/ပြည်နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့များက စိစစ်ထောက်ခံပေးပို့လာသည့် လယ်ယာမြေအခြားနည်း အသုံးပြုခွင့်လုပ်ငန်းများ၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စိုက်ပျိုးလုပ်ကိုင်ခွင့် ရရှိသူများ၏ ဖော်ထုတ်စိုက်ပျိုးမှုကြောင့် စိုက်ပျိုးမှု တည်ငြိမ်နေသော မြေများအား လယ်ယာမြေဥပဒေပုဒ်မ ၃၄ အရစိုက်ပျိုးမြေအဖြစ် ပြောင်းလဲပေးခြင်းလုပ်ငန်းများ၊ လယ်ယာမြေဥပဒေပုဒ်မ ၂၈(က) အရ မူလစိုက်ပျိုးလျက်ရှိသည့် သီးနှံအမျိုးအစားမှ အခြားသီးနှံအမျိုးအစားသို့ ပြောင်းလဲစိုက်ပျိုးခွင့်ပြုရန် လုပ်ငန်းကိစ္စရပ်များအား ဆွေးနွေးဆုံးဖြတ်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်


