နေပြည်တော် ၃ ဇူလိုင်
၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွက် ကျောင်းသုံးစာအုပ်များ ရိုက်နှိပ်၊ ထုတ်လုပ်၊ ဖြန့်ချိခဲ့မှုနှင့် ၂၀၂၀-၂၀၂၁ ပညာသင်နှစ်အတွက် ကျောင်းသုံးစာအုပ်များ ရိုက်နှိပ်၊ ထုတ်လုပ်၊ ဖြန့်ချိနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၃ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန၌ ကျင်းပသည်။
အစည်းအဝေးတွင် ကျောင်းသုံးစာအုပ်များ ရိုက်နှိပ်ဖြန့်ချိရေးကော်မတီ ဥက္ကဋ္ဌ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က အဖွင့်အမှာစကား ပြောကြားရာ၌ ပညာရေးဝန်ကြီးဌာနမှ အပ်နှံသည့် ကျောင်းသုံးစာအုပ်များ ရိုက်နှိပ်၊ ထုတ်လုပ်၊ ဖြန့်ချိခြင်းလုပ်ငန်းကို ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေး ဦးစီးဌာနက အဓိက ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် ပြန်ကြားရေးဝန်ကြီးဌာနနှင့်အတူ မြန်မာနိုင်ငံပုံနှိပ်နှင့် ထုတ်ဝေသူလုပ်ငန်းရှင်များအသင်း၊ အထက်မြန်မာပြည်ပုံနှိပ်နှင့် ထုတ်ဝေသူလုပ်ငန်းရှင်များအသင်းနှင့် ပုံနှိပ်ထုတ်ဝေရေး လုပ်ငန်းရှင်များက ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း။
၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွက် ကျောင်းသုံးစာအုပ်များ ရိုက်နှိပ်၊ ထုတ်လုပ်၊ ဖြန့်ချိရေးလုပ်ငန်းများကို အချိန်မီ ကောင်းမွန်မှန်ကန်စွာ၊ အရည်အသွေး ပြည့်ဝစွာ ရိုက်နှိပ်ထုတ်လုပ်နိုင်ရန်အတွက် ကြိုးပမ်းဆောင်ရွက်ခဲ့သလို လာမည့် ပညာသင်နှစ်များအတွက် ပို၍ ကောင်းမွန်စွာ၊ အရည်အသွေး ပြည့်ဝစွာ ဆောင်ရွက်နိုင်ရေးအတွက် ကြိုးပမ်းသွားကြရမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပညာရေးဝန်ကြီးဌာနအနေဖြင့် ၂၀၂၀-၂၀၂၁ ပညာသင်နှစ်အတွက် သင်ရိုးညွှန်းတမ်းအသစ်ပါ အတန်းများအတွက် ကျောင်းသုံးပြဋ္ဌာန်း စာအုပ်များ ပြုစုခြင်းလုပ်ငန်းနှင့် အတည်ပြုသည့် လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း။
ကျောင်းသုံးပြဋ္ဌာန်း စာအုပ်များမှာ နှစ်စဉ်နှစ်တိုင်း ရိုက်နှိပ်၊ ထုတ်လုပ်၊ ဖြန့်ချိရသည့်အတွက် တစ်နှစ်ထက် တစ်နှစ် ပိုမိုကောင်းမွန်စွာ ဆောင်ရွက်နိုင်ရန် အတူတစ်ကွ ကြိုးပမ်းသွားကြရမည်ဖြစ်ပါကြောင်း။
ကျောင်းသုံးစာအုပ်များ ပုံနှိပ်ဖြန့်ချိရာတွင် နိုင်ငံတော်ဘဏ္ဍာငွေ အလေ့အလွင့် မရှိစေရန် ကျောင်းသားကျောင်းသူ အရေအတွက်နှင့် ကိုက်ညီစွာ ရိုက်နှိပ်၊ ထုတ်လုပ်၊ ဖြန့်ချိနိုင်ရေးအတွက် အသေးစိတ်စိစစ်တွက်ချက်မှုများကိုလည်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ သို့သော် ရေကြီးရေလျှံမှုမျိုးကဲ့သို့ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းသုံးစာအုပ်များ ထပ်မံလိုအပ်မှု ဖြစ်ပေါ်လာခဲ့ပါက အချိန်မီ ဖြန့်ဝေနိုင်ရန်အတွက်ကိုလည်း ကြိုတင်ဆောင်ရွက်ထားရပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ကျောင်းသုံးစာအုပ်များ ရိုက်နှိပ်ထုတ်လုပ်ရေးဆပ်ကော်မတီ ဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးအောင်လှထွန်းနှင့် ကျောင်းသုံးစာအုပ်များ ဖြန့်ချိရေးဆပ်ကော်မတီ ဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းတို့က သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းပြောကြားကြသည်။
ထို့နောက် ကျောင်းသုံးစာအုပ်များ ရိုက်နှိပ်ဖြန့်ချိရေးကော်မတီ ဒုတိယဥက္ကဋ္ဌ အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်က ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် (၂၀၁၉-၂၀၂၀ ပညာသင်နှစ်) ကျောင်းသုံးပြဋ္ဌာန်းစာအုပ်များ ပုံနှိပ်၊ ထုတ်လုပ်၊ ထောက်ပံ့နိုင်ရေးအတွက် လုပ်ငန်းဆောင်ရွက်ခဲ့မှုများကို လည်းကောင်း၊ ကော်မတီ အတွင်းရေးမှူး ညွှန်ကြားရေးမှူးချုပ် ဦးအောင်မျိုးမြင့်က ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် (၂၀၂၀-၂၀၂၁ ပညာသင်နှစ်) ကျောင်းသုံးပြဋ္ဌာန်းစာအုပ်များ သတ်မှတ်အချိန်အတွင်း အချိန်မီ ပုံနှိပ်၊ ထုတ်လုပ်၊ ထောက်ပံ့နိုင်ရေးအတွက် ဆောင်ရွက်သွားမည့် လုပ်ငန်းအစီအမံများကို လည်းကောင်း ရှင်းလင်းတင်ပြကြသည်။
ထို့နောက် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် ကျောင်းသုံးပြဋ္ဌာန်းစာအုပ်များ သတ်မှတ်အချိန်အတွင်း အချိန်မီ ပုံနှိပ်၊ ထုတ်လုပ်၊ ဖြန့်ချိခဲ့မှုအတွက် ပညာရေးဝန်ကြီးဌာန၏ ကျေးဇူးတင်ရှိကြောင်း ဂုဏ်ပြုမှတ်တမ်းလွှာကို ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးက ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်ထံ ပေးအပ်သည်။
ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် ပြန်ကြားရေးဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံပုံနှိပ်နှင့် ထုတ်ဝေသူ လုပ်ငန်းရှင်များအသင်း၊ အထက်မြန်မာပြည် ပုံနှိပ်နှင့် ထုတ်ဝေသူလုပ်ငန်းရှင်များ အသင်းတို့မှ တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍအလိုက် တင်ပြဆွေးနွေးကြရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးပြီး ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။
သတင်းစဉ်


