ပုသိမ် ၃ ဇူလိုင်
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးရေးရာကော်မတီက ကြီးမှူးကျင်းပသော ၂၀၁၉ ခုနှစ်၊ မြန်မာအမျိုးသမီးများနေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်းက မြို့တော်ခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးလှမိုးအောင်က ၁၉၉၆ ခုနှစ်၊ ဇူလိုင်(၃)ရက်နေ့ကို အစွဲပြုပြီး နယ်ပယ်စုံ၊ ကဏ္ဍစုံ အမျိုးသမီးတွေ နိုင်ငံတကာနှင့် ရင်ပေါင်တန်းပြီး လျှောက်လှမ်းနိုင်အောင် ရက်နေ့သတ်မှတ်တဲ့အနေဖြင့် နှစ်စဉ် ဇူလိုင် ၃ ရက်နေ့ကို မြန်မာအမျိုးသမီးများနေ့အဖြစ် သတ်မှတ်ခဲ့ကြောင်း၊ နိုင်ငံလူဦးရေ၏ ထက်ဝက်ကျော်ကို ကိုယ်စားပြုတဲ့ မြန်မာအမျိုးသမီးများအနေဖြင့် ငြိမ်းချမ်းသာယာတဲ့ ဒီမိုကရေစီပြည်ထောင်စုကြီး အောင်မြင်စွာ တည်ထောင်နိုင်ဖို့အတွက် ပြည်ထောင်စုကြီးရဲ့ မျှော်မှန်းချက်တွေ ပြည့်ဝအောင်မြင်ရေးကို ကြိုးပမ်းရာမှာ တစ်ဦးချင်းစီရဲ့ ဒီမိုကရေစီစိတ်ဓာတ်နှင့် အလေ့အကျင့်ကို အရင်းခံပြီး တစ်ဦးနှင့်တစ်ဦး အပြန်အလှန် နားလည်မှု၊ လေးစားယုံကြည်မှု၊ ချစ်ခင်ကြင်နာမှုတွေနဲ့ ပြည့်လျှံနေတဲ့ နိုင်ငံတော်ကြီးဖြစ်အောင် စုပေါင်းတည်ဆောက်ကြပါစို့ဟု တိုက်တွန်းကြောင်း အမှာစကားပြောကြားသည်။ ဆက်လက်၍ လူမှုရေးဝန်ကြီး ဒေါက်တာ လှမြတ်သွေးက တိုင်းဒေသကြီးအတွင်း လုပ်ငန်းဆောင်ရွက်ချက်များကို ရှင်းလင်းတင်ပြသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ၂၀၁၈-၂၀၁၉ ပညာသင်နှစ် တိုင်းဒေသကြီးအတွင်း ထူးချွန်စွာ အောင်မြင်ခဲ့ကြသော အမျိုးသမီးများအား ဂုဏ်ပြုဆုများချီးမြှင့်ခဲ့ကြသည်။
ယင်းနောက် ‘‘အမျိုးသမီးများ အပေါ် အကြမ်းဖက်မှု လျော့နည်းပပျောက်ရေး’’ ခေါင်းစဉ်ဖြင့် ကဏ္ဍပေါင်းစုံပါဝင်သော စကားဝိုင်းကို ဆွေးနွေးကြသည်။ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌနှင့် ဇနီး၊ လွှတ်တော်ဒုတိယဥက္ကဋ္ဌနှင့် ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးများနှင့်ဇနီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များမှ တာဝန်ရှိသူများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား / ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)


