ထန်းတပင် ၃ ဇူလိုင်
ရန်ကုန်မြောက်ပိုင်းခရိုင် ထန်းတပင်မြို့နယ်၊ နဲသမိန်ကျေးရွာ၊ အခြေခံပညာ အထက်တန်းကျောင်းတွင် တက်ရောက်ပညာသင်ကြားနေကြသည့် ကျောင်းသား၊ ကျောင်းသူ ကလေးငယ်များအတွက် စက်ဘီး(၅၂)စီးကို ဇူလိုင် ၁ ရက် မွန်းလွဲပိုင်းက Lesswalk.org မှ ကိုသန်းထွန်းဝင်းက လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကျောင်းတွင် မူလတန်း၊ အလယ်တန်းနှင့် အထက်တန်း ကျောင်းသား/ကျောင်းသူ ကလေးငယ်(၈၉၂) ဦး တက်ရောက်ပညာသင်ကြားလျက်ရှိပြီး ကျောင်းသား/ကျောင်းသူများ၏ နေအိမ်တွင် စက်ဘီး၊ ဆိုင်ကယ်၊ ကား မရှိသော ကလေးငယ်များနှင့် ၎င်းတို့နေအိမ်မှ ကျောင်းသို့ ၁ မိုင်မှ ၅ မိုင်အထိဝေးကွာစွာ နေ့စဉ်ကျောင်းတက်နေသော ကလေးငယ်များကို ရွေးချယ်ပေးအပ်လှူဒါန်းပေးခြင်း ဖြစ်ကြောင်း သိရသည်။
နဲသမိန်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းသို့ နေ့စဉ်ကျောင်းတက်သည့် ကလေးများတွင် ရွာခံကလေးများမှလွဲ၍ အနီးဆုံး တစ်မိုင်ခွဲ၊ အဝေးဆုံး ၅ မိုင်နီးပါးမှ လာရသည့် ကလေးများရှိကြောင်းနှင့် ယခင်က တုတ်တုတ်တွေနှင့် ကျောင်းကိုလာရသလို စက်ဘီးအစုတ်ကလေးများကို (၂)ယောက်တစ်စီး စီး၍လာကြရသည့် ကလေးများရှိကြောင်းနှင့် ယခုကဲ့သို့ စက်ဘီး (၅၂) စီးကိုလာရောက် လှူဒါန်းပေးခဲ့သည့်အတွက် ကျောင်းသား/ကျောင်းသူ (၁၀ဝ) ကျော် ပျော်ရွှင်စွာ ကျောင်းတက်နိုင်ကြမည် ဖြစ်ကြောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်မိုင်မူမူတင်မှ ပြောပြချက်အရ သိရသည်။
ဇင်မင်းထိုက်(ထန်းတပင်)


