နှစ်စဉ် ဇူလိုင်လ (၃) ရက်နေ့ကို မြန်မာအမျိုးသမီးများနေ့အဖြစ် သတ်မှတ်ကျင်းပသည်။ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီ ဖွဲ့စည်းခဲ့သည့်နေ့ကို အထိမ်းအမှတ်ပြုခဲ့ခြင်းဖြစ်၏။
နိုင်ငံတကာ အမျိုးသမီးများနေ့၏ ယခုနှစ်ဆောင်ပုဒ်များမှာ “ခွင့်တူညီရေးစဉ်းစားလို့ စွမ်းရည်မြှင့်ရေး အလေးပေးဖို့၊ ပြောင်းလဲမှုအတွက်ဆန်းသစ်တီထွင်စို့” ဟူ၍ဖြစ်သည်နှင့်အညီ မြန်မာနိုင်ငံ အမျိုးသမီးများ အတွက်လည်း ကျား၊ မ တန်းတူရေး၊ အမျိုးသမီးထု၏ စွမ်းဆောင်ရည်မြင့်မားစေနိုင်မည့် လူမှုဝန်းကျင်များ ဖန်တီးထူထောင်နိုင်မှုများ လိုအပ်ပါသည်။
အမျိုးသမီးတို့၏ လူမှုရေးရာကာကွယ်စောင့်ရှောက်ရေးဆိုင်ရာဥပဒေများ စနစ်များ၊ လုပ်ထုံးလုပ်နည်းများ၊ အမှန်တကယ် အကောင်အထည်ဖော်နိုင်မည့် စီမံခန့်ခွဲမှုဆိုင်ရာ ယန္တရားတို့အခိုင်အမာ တည်ဆောက်ထားနိုင်ရန်လည်း လိုအပ်မည်ဖြစ်ပါသည်။
အမျိုးသမီးတို့၏ အခန်းကဏ္ဍက ယနေ့မြန်မာနိုင်ငံတွင်သာမကနိုင်ငံတကာတွင်ပါ မည်မျှလောက် လွှမ်းမိုးဩဇာကြီးမားနေသည်မှာအထင်အရှားဖြစ်ပါသည်။ ဤကဲ့သို့ အမျိုးသမီးတို့၏ အခန်းကဏ္ဍ မြင့်မားကာ လွှမ်းမိုးနိုင်သည်က အမျိုးသမီးတို့၏ လူမှုအဖွဲ့အစည်းအတွင်း ပါဝင်လှုပ်ရှားဆောင်ရွက်နိုင်သည့် စွမ်းအားမြင့်မားမှုကြောင့်ဟု ယုံကြည်ပါသည်။
အမျိုးသမီးများအပေါ်ထားရှိသော မြန်မာလူမှုအဖွဲ့အစည်း၏ မူလဘူတ သဘောထားမှာ လွန်စွာ ဂရုစိုက်ညှာတာသည့် အခြေခံရှိသည်။နှိမ်ချသည့်သဘောမျိုးမဟုတ်ဘဲ ဦးစားပေးမှုကို ဦးတည်ပါသည်။ မိခင်ကိုတန်ဖိုးထားမြတ်နိုးတတ်သည့် ယဉ်ကျေးမှုကို မြန်မာ့ရိုးရာဓလေ့အဖြစ်မြင်တွေ့ နိုင်သည်က မြန်မာလူမှုအဖွဲ့အစည်း၏ အခြေခံတစ်ခုဟု နားလည်ပါသည်။
အမျိုးသမီးများပေါ်ထားရှိသည့် ယဉ်ကျေးမှုစံနှုန်းများအရ လွန်စွာမြင့်မားလှသည့် သဘောထားအချို့မှာ ကာလရွေ့လျောလာမှုနှင့်အတူပြောင်းလဲလာသည်တို့ကိုလည်း ယခုအခါ သတိပြုမိလာပါသည်။
ပညာရေးအဆင့်အတန်း မြင့်မားမှုနှင့် စီးပွားရေးပြေလည် ချောင်ချိမှုတို့က ယေဘုယျအားဖြင့် ယဉ်ကျေးမှုစံနှုန်းများကို ပြောင်းလဲတတ်သည့်အားလျော်စွာ ကာလရှည်ကြာ ဖြတ်သန်းခဲ့ရသော မြန်မာ့စီးပွားရေးနှင့်ပညာရေးအဆင့်အတန်းနိမ့်ပါးလာသည့် ဖြစ်စဉ်များနှင့်ယှဉ်လျက် အထက်ပါ ယဉ်ကျေးမှုစံနှုန်းများ ပြောင်းလဲလာသည်တို့ ရှိလာခြင်းဟုယူဆရပါသည်။
နည်းပညာဖွံ့ ဖြိုးတိုးတက်လာမှု၏ ဘေးထွက်ဆိုးကျိုးများ၊ မူးယစ်ဆေးဝါးများ အလွန်သိသာစွာ တိုးပွားများပြားလာမှုနှင့် အရက်သေစာအလွန်အကျွံသောက်သုံးမှု စသည်တို့ကလည်း မြန်မာအမျိုးသမီးတို့၏ ဘဝများကို ခြိမ်းခြောက်လာနေရင်း၊ ယဉ်ကျေးမှုစံနှုန်းများကလည်း လျော့နည်းနိမ့်ကျလာသည်တို့ရှိပါသည်။
အထူးသဖြင့် အမျိုးသမီးကလေးငယ်များအပေါ် ကျရောက် အရိပ်ထိုးလာသည့် သက်ငယ်မုဒိမ်းမှုကဲ့သို့သော အမှုများက အမျိုးသမီးထုတစ်ရပ်လုံးအတွက် စိုးရိမ်စိတ်ပူစရာ ဖြစ်လာပါသည်။
အမျိုးသမီးများသည် မိမိတို့က္ဘာလောကကြီးအတွက် မည်မျှလောက် အရေးပါသည်ဆိုခြင်းကို မိခင်နှင့်တန်းတူ သဘောထားလေ့ရှိသော၊ ယဉ်ကျေးမှုထုံးတမ်းစဉ်လာတစ်ခုအဖြစ် လက်ခံခဲ့ကြသောမြန်မာလူမျိုးအများစုအဖို့ သည်လို အဓမ္မမှုများက အလွန်ပင် အရုပ်ဆိုးအကျည်းတန်လှသော ဖြစ်ရပ်များပါပေ။
သည်လို အဓမ္မမှုဖြစ်ရပ်များ လုံးဝရပ်တန့်သွားရေး၊ အမျိုးသမီးတို့၏အခွင့်အရေးကို နိုင်ငံအနာဂတ်နှင့် ယှဉ်လျက် တန်ဖိုးထားစောင့်ရှောက်ရေးတို့အတွက် နိုင်ငံ၏ ဘက်ပေါင်းစုံမှ အထူးပြု ဆောင်ရွက်ကြရန်လိုပါမည်ဟု မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် နှိုးဆော်လိုက်ရပါသည်။ ။
မြန်မာ့အလင်း