ရန်ကုန် ၄ ဇူလိုင် 


ရန်ကုန်တိုင်းဒေသကြီး အစိုးရအနေဖြင့် တိုင်းဒေသကြီးအတွင်းရှိ စီးတီးတက္ကစီ မှတ်ပုံတင်ခြင်းနှင့် သက်တမ်းတိုးခြင်း လုပ်ငန်းများ ပျက်ကွက်သည့် အငှားယာဉ်များကို ဆက်လက်ဆောင်ရွက်ခွင့်ပေး သွားမည်ဖြစ်ကြောင်း ဇူလိုင် ၃ ရက်က ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင် ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ (YRTA) တွင် ပြုလုပ်သော မီဒီယာ တွေ့ဆုံပွဲ၌ အဆိုပါအဖွဲ့မှ တွဲဖက်အတွင်း ရေးမှူး ဦးလှအောင်က ပြောသည်။


စီးတီးတက္ကစီ မှတ်ပုံတင်ခြင်းနှင့် သက်တမ်းတိုးခြင်းလုပ်ငန်းများ ပျက်ကွက်သည့် အငှားယာဉ်အစီးရေမှာ ၅၀ဝ၀ ကျော်ရှိပြီး ယင်းအစီးရေ ၅၀ဝ၀ ကျော်ကို စီးတီးတက္ကစီမှတ်ပုံတင်ခြင်းနှင့် သက်တမ်းတိုးခြင်းလုပ်ငန်းများကို အချိန် ကာလတစ်ခုသတ်မှတ်ကာ ဆက်လက် ဆောင်ရွက်ခွင့် ပေးသွားမည်ဖြစ်ကြောင်း၊ အဆိုပါသတ်မှတ်သည့် အချိန်ကာလ ကိုလည်း နိုင်ငံပိုင်သတင်းစာများမှ တစ်ဆင့် ကြေညာပေးသွားမည်ဖြစ် ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူ ပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာ ပိုင်အဖွဲ့ (YRTA) ထံမှ သိရသည်။


ကျွန်တော်တို့က ဘာလုပ်မလဲ ဆိုတော့ အစိုးရကို တင်ပြီးပြီ။ အစိုးရက လည်း ခွင့်ပြုပြီးပြီ။ အဲဒီသက်တမ်း ပျက်ကွက်နေတဲ့ ကားတွေကို ကျွန်တော် တို့ ကာလတစ်ခုပေးမယ်။ ဘယ်ကာလ ဆိုတာကတော့ အဆုံးအဖြတ်ယူထား တယ်။ အဲဒီကာလအထိ ဒီမှာလာရောက် ပြီးတော့ မှတ်ပုံတင်လုပ်ပါ။ သက်တမ်း တိုးခြင်းကို သူတို့ဆောင်ရွက်ပါဟု ဦးလှအောင်က ပြောသည်။


ထို့သို့ စီးတီးတက္ကစီမှတ်ပုံတင်ခြင်း နှင့် သက်တမ်းတိုးခြင်းလုပ်ငန်းများ ပျက်ကွက်သည့် အငှားယာဉ်များကို ဆက်လက် ဆောင်ရွက်ခွင့်ပေးသွားမည် ဖြစ်သော်လည်း ပျက်ကွက်ဒဏ်ကြေး ပေးဆောင်ရမည်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။


ဆောင်ရွက်တဲ့ အခါမှာတော့ သာမန်အတူတူလုပ်နေတဲ့ ယာဉ်တွေနဲ့ တော့ တူချင်မှတူမယ်။ ပြစ်ဒဏ် ဒဏ်ကြေးတော့ သူကပါလိမ့်မယ်။ ပျက်ကွက်တဲ့ဒဏ်ကြေး။ ဒါပေမယ့် အဲဒီ ပျက်ကွက်တဲ့ဒဏ်ကြေးက နှစ်သိပ်များတဲ့ ကားတွေဆိုရင် ဖိစီးမှုဖြစ်သွားနိုင်တယ်။ အဲဒါကိုလည်း အစိုးရက ဖြေလျှော့ပေး ထားတယ်။ အတတ်နိုင်ဆုံးတော့ စည်းကမ်းဘောင်ထဲ ဝင်လာအောင် အခုချိန်မှာ ဆွဲခေါ်မယ်။ တတ်နိုင်သမျှ ပူးပေါင်းအောင်လုပ်မယ်ဟုဦးလှအောင် က ပြောသည်။


အဆိုပါ စီးတီးတက္ကစီမှတ်ပုံတင်ခြင်း ကို ၂၀ဝ၂ ခုနှစ်မှစ၍ စီမံချက်ချကာ မြို့တော်အဂ¯ရပ်နှင့်ညီသော အငှားယာဉ် များဖြစ်ရေး၊ အငှားယာဉ် စီးနင်းသူများကို အထောက်အပံ့ပြုနိုင်ရေးနှင့် အငှား ယာဉ်များကို စည်းကမ်းထိန်းသိမ်း မှု လုပ်ဆောင်ပေးနိုင်ရေးတို့အတွက် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


လက်ရှိ ရန်ကုန်တိုင်းဒေသကြီး အတွင်း သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ အဆင်ပြေစေရန် လက်ရှိအစိုးရသစ် လက်ထက် ၂၀၁၆ ခုနှစ် ဇူလိုင် ၈ ရက်က ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ အမိန့်ကြေညာစာထုတ်ပြန်၍ YRTAကို ဖွဲ့စည်းခဲ့ပြီး YRTA မှ စီးတီးတက္ကစီ မှတ်ပုံတင်ခြင်းကို ဆောင်ရွက်လျက် ရှိသည်။


ထိုသို့ YRTA အနေဖြင့် ရန်ကုန် တိုင်းဒေသကြီးအတွင်း အငှားယာဉ် အဖြစ် မှတ်ပုံတင်ထားသော တက္ကစီယာဉ် များကို ယာဉ်စည်းကမ်းထိန်းသိမ်းရေး လုပ်ငန်းများ လွယ်ကူလျင်မြန်စွာ ဆောင်ရွက်နိုင်ရေးအတွက် စီးတီးတက္ကစီ ယာဉ်များအဖြစ် မှတ်ပုံတင်ခြင်း၊ သတ်မှတ်ကာလအလိုက် စီးတီးတက္ကစီ မှတ်ပုံတင် သက်တမ်းတိုးခြင်းလုပ်ငန်း များကို ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၃၁ ရက် နောက်ဆုံးထား၍ ဆောင်ရွက်ရန် အစိုးရ သတင်းစာများတွင် အကြိမ်ကြိမ်သတိပေး အကြောင်းကြားခဲ့ပြီးဖြစ်သည်။


သို့သော်လည်း အကြောင်းအမျိုးမျိုး ကြောင့် အခက်အခဲရှိကြသော ယာဉ် ပိုင်ရှင်များ၊ ယာဉ်မောင်းများက တင်ပြ လာသဖြင့် ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၃၁ ရက် အထိ တိုးမြှင့်ဆောင်ရွက်ပေးခဲ့ပြီး ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၃၁ ရက်တွင် မှတ်ပုံတင် သည့် ကားများကို ဧပြီ ၆ ရက်အထိ လုပ်ဆောင်ရန် သတ်မှတ်ခဲ့သည်။


ထိုသို့ သတ်မှတ်ကာလအတွင်း လာရောက်ဆောင်ရွက်ခြင်း မရှိသည့် စီးတီးတက္ကစီယာဉ်များကို လုပ်ငန်း လိုင်စင် ဖျက်သိမ်းသည်အထိ ထိရောက် စွာ အရေးယူဆောင်ရွက်သွားမည်ဟု လည်း YRTA အနေဖြင့် အသိပေး နှိုးဆော်ထားသည်။


လက်ရှိ ရန်ကုန်တိုင်းဒေသကြီး အတွင်း စီးတီးတက္ကစီ မှတ်ပုံတင်ထား သည့် ယာဉ်အစီးရေမှာ ဇွန်လကုန်အထိ ၆၆၆၇၃ စီးရှိကြောင်း ရန်ကုန်တိုင်းဒေသ ကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA)၏ စာရင်း များအရ သိရသည်။


ငြိမ်းငြိမ်း