ကျောက်ဆည် ၄ ဇူလိုင် 

 

စိုက်ပျိုးရေးတက္ကသိုလ် နောက်ဆုံးနှစ်ကျောင်းသား/ကျောင်းသူများနှင့်၊ ဦးစီး ဌာနဝန်ထမ်းငယ်များအား ရိတ်သိမ်းချိန်လွန်နည်းပညာနှင့် စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ ရရှိစေရန်အတွက် (၃)ရက်ကြာသင်တန်းကို မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် စိုက်ပျိုးရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမတွင် ဇူလှိုင် ၁ ရက်မှ စတင်ဖွင့်လှစ် ပို့ချပေးခဲ့ကြောင်း သိရှိရသည်။ 

 

သင်တန်းတွင် ခရိုင်စိုက်ပျိုးရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး၊ ဦးစိုးနိုင်က သင်တန်းသား/သင်တန်းသူများအနေဖြင့် ယခုသင်ပေးလိုက်သော ပညာရပ်များနှင့် တင်းတိမ်မနေကြဘဲ အခြားစိုက်ပျိုးရေးနှင့် ပတ်သတ်သည့် ပညာရပ်များကို ဆက်လက်သင်ယူလေ့လာကြပြီး မိမိတို့တာဝန်ကျရာဒေသများရှိ တောင်သူများ၏စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် လက်တွဲဆောင်ရွက်သွားကြစေလိုကြောင်း မှာကြားခဲ့ပြီး ခရိုင်ဦးစီးအရာရှိ ဒေါ်မို့မို့စိုး နှင့် ဒေါ်သိန်းသိန်းဟန် တို့က မြေဆီလွှာအမျိုးမျိုးတို့၏ သိကောင်းစရာများအကြောင်း၊ မျိုးစေ့နှင့်ဗီဇမျိုးကွဲများအကြောင်း၊ ဒု-ဦးစီးမှူး ဦးဝင်းဦး နှင့် ဒေါ်သီတာဝင်း တို့က ရိတ်သိမ်းချိန်လွန် ကာကွယ်နည်းပညာများအကြောင်းနှင့် သီးနှံဖွံ့ဖြိုး အောင်မြင်ရေး၊ ရောဂါကြိုတင်ကာကွယ်နည်းများအကြောင်းတို့ကို ပရိုဂျက်တာဖြင့် အသေးစိတ် ရှင်းလင်းသင်ကြားပေးခဲ့ပြီး စမ်းစစ်မေးခွန်းများ ဖြေကြားစေခဲ့ကြောင်း သိရှိရသည်။ အဆိုပါ သင်တန်းသို့ ရေဆင်းတက္ကသိုလ်မှ နောက်ဆုံးနှစ် ကျောင်းသား/ကျောင်းသူ (၁၃)ဦးနှင့် ဌာနဝန်ထမ်း(၁၅)ဦး စုစုပေါင်း သင်တန်းသား/သင်တန်းသူ (၂၈)ဦး တက်ရောက်သင်ယူခဲ့ကြောင်း ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရှိရသည်။


MDN