ဆင်ပေါင်ဝဲ ၄ ဇူလိုင်
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်၌ ၂၀၂၀ ခုနှစ်တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲအတွက် လူဦးရေစာရင်းအချက်အလက်များ ကောက်ယူပြုစုခြင်းနှင့် အခြေခံမဲဆန္ဒရှင်စာရင်း ပြုစုခြင်းဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၁ နာရီက အမှတ်(၃) ရပ်ကွက်၊ ကော်မရှင်အဖွဲ့ခွဲရုံးတွင် ကျင်းပခဲ့သည်။
အစည်းအဝေးတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးအောင်တင့်က အဖွင့်အမှာစကားပြောကြားပြီး ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင် ဦးမြင့်ကြိုင်က လူဦးရေစာရင်းအချက်အလက်များ ကောက်ယူပြုစုခြင်းနှင့် အခြေခံမဲဆန္ဒရှင်စာရင်းပြုစုခြင်း လုပ်ငန်းစီမံချက်ပါ လုပ်ငန်းများဖြစ်သော လူဦးရေစာရင်းနှင့် အချက်အလက်များ ကောက်ယူပြုစုခြင်းနှင့် စိစစ်ခြင်း၊ အခြေခံမဲဆန္ဒရှင်စာရင်း ပြုစုခြင်း၊ ပြောင်းလဲနေသော လူဦးရေစာရင်းနှင့် မဲဆန္ဒရှင်စာရင်းများကို လစဉ်ပြုစုခြင်းနှင့် အခြေခံမဲန္ဒရှင်စာရင်း ကပ်ထားကြေညာခြင်း အစရှိသည့် ဆောင်ရွက်ရမည့် လုပ်ငန်းများအကြောင်းကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဝင်းရွှေက မြို့နယ်နှင့်ရပ်ကွက် လူဦးရေစာရင်း ကောက်ယူနိုင်ရေးအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်ထားမှုနှင့် သင်တန်းဖွင့်လှစ်ဆောင်ရွက်မည့် အခြေအနေများကို ရှင်းလင်းဆွေးနွေးခဲ့ပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူး ဒေါ်ခိုင်မို့မို့ကျော်က လုပ်ငန်းစီမံချက်ပါ ဆောင်ရွက်ရမည့် လုပ်ငန်းများအကြောင်းကို အသေးစိတ်ရှင်းလင်း ဆွေးနွေးခဲ့သည်။
ဆက်လက်၍ အစည်းအဝေးသို့ တက်ရောက်လာကြသည့် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးရာ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ ဦးအောင်တင့်၊ အတွင်းရေးမှူး ဒေါ်ခိုင်မို့မို့ကျော်နှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းရွှေတို့က ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့သည်။
အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအားလုံး တက်ရောက်ခဲ့ကြောင်း သိရသည်။
နေခြည်(ဆင်ပေါင်ဝဲ)


