မိုးညှင်း ၄ ဇူလိုင်
ယခုနှစ်မိုးရာသီတွင် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ် မြို့ပေါ်ရပ်ကွက်များတွင် Chikungunya (ဆင်တုပ်ကွေး) အဖြစ်များနေသဖြင့် နားခါမြောက်ရပ်ကွက် ဓမ္မာရုံတွင် Mobile Clinic ဖွင့်လှစ်၍ လူထုကျန်းမာရေး စောင့်ရှောက်ခြင်းလုပ်ငန်းကို ခရိုင်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနနှင့် စေတနာရှင်အလှူရှင်များက စုပေါင်း၍ ဇူလိုင် ၃ ရက် နံနက် ၈ နာရီမှ စတင်ဆောင်ရွက်ခဲ့ရာ တစ်ရက်အတွင်း လူနာ(၃၂၃)ဦးအား ကုသမှုပေးနိုင်ခဲ့ကြောင်း သိရသည်။
မိုးညှင်းမြို့နယ်အတွင်း ဆင်တုပ်ကွေးဖြစ်ပွားမှုနှင့်ပတ်သက်၍ ခရိုင်ကျန်းမာရေးမှူး ဦးလှဌေးက “အဓိကခြင်ကြောင့် ဖြစ်တယ်၊ သူရဲ့ရောဂါလက္ခဏာတွေက ကိုယ်လက်အဆစ်အမြစ်တွေ ကိုက်ခဲတယ်၊ အသက်အန္တရာယ် စိုးရိမ်စရာတော့မရှိဘူး”ဟု ရောဂါဖြစ်ပွားရခြင်းနှင့် ရောဂါလက္ခဏာများအကြောင်း ပြောသည်။
ရာသီတုပ်ကွေး H1N1 FLU ၊ Chikungunya (ဆင်တုပ်ကွေး)၊ DHF သွေးလွန်တုပ်ကွေးရောဂါများ ဖြစ်ပွားမှုလျော့ကျလာစေရန် ခရိုင်ပြည်သူ့ကျန်းမာရေးဌာနအနေဖြင့် ဆောင်ရွက်မှုလုပ်ငန်းများနှင့် ပတ်သက်၍ “ကျွန်တော်တို့ ကျန်းမာရေးဌာနက ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်းပြီး မေလမှာ(၁)ကြိမ်၊ ဇွန်လမှာ(၁)ကြိမ် အဘိတ်ဆေးခပ်ပြီးပြီ။ ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းကိုလည်း ပြည်သူအားလုံး ပူးပေါင်းပါဝင်လာအောင် ဟောပြောအသိပညာပေးပွဲကိုလည်း ရပ်ကွက်/ကျေးရွာများ အားလုံးဆောင်ရွက်ပြီးဖြစ်တယ်၊ အခုဖြစ်ရပ်ကိုကြည့်ရင် ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းကို ပြည်သူလူထုပါဝင်မှု အားနည်းကြောင်းတွေ့ရတယ်”ဟု ယင်းကဆက်လက် ပြောကြားသည်။
ယခု ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းကို ဇီဝိတအားမာန် လူမှုကူညီရေးအသင်းမှ ဦးညီညီလွင်နှင့် စေတနာရှင်အလှူရှင်များ၊ ခရိုင်ပြည်သူ့ဆေးရုံမှ ဆေးရုံအုပ်ကြီး ဒေါက်တာမြင့်ကျော်နှင့် တာဝန်ကျဆရာဝန်များ စုပေါင်း၍ ယခုလ ၉ ရက်အထိ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို နေ့စဉ်နံနက် ၈ နာရီမှ ၁၁ နာရီခွဲအထိ (၁)ကြိမ်၊ မွန်းလွဲ ၁ နာရီခွဲမှ ညနေ ၄ နာရီအထိ (၁)ကြိမ် အခမဲ့ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကျော်ကျော်ထွေး(မိုးညှင်း)


