ကျိုင်းတုံ ၄  ဇူလိုင် 

 

ကျိုင်းတုံမြို့နယ်အတွင်းရှိ စခန်းနှင့်ရပ်ရွာအခြေပြု မူးယစ်ဆေးဖြတ်ကုသရေးနှင့် ပြန်လည် ထူထောင်ရေး သင်တန်းဖွင့်ပွဲအခမ်းအနားကို ကျိုင်းတုံမြို့နယ်၊ ဝမ်မိုင်ကျေးရွာရှိ ပြန်လည်ထူထောင်ရေးစခန်း၌ ယနေ့ နံနက်ပိုင်းက ကျင်းပသည်။


    
အဆိုပါအခမ်းအနားတွင် ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ခင်လှိုင်က အဖွင့်မိန့်ခွန်းပြောကြားပြီး ကျိုင်းတုံပြန်လည်ထူထောင်ရေးစခန်း မန်နေဂျာဦးမျိုးသက်ထွန်းက သင်တန်းဖွင့်လှစ်ရ ခြင်း၏ ရည်ရွယ်ချက်များနှင့် အဆိုပါသင်တန်းဖွင့်လှစ်သင်ကြား ပို့ချမှုများကြောင့် ရရှိလာမည့် အကျိုးကျေးဇူးများအားရှင်းလင်းပြောကြားသည်။


 
ထို့နောက် တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း) ဒုတိယပြည်နယ်ရဲတပ်ဖွဲ့မှ ရဲမှူးကြီး မင်းအောင်၊ ရှမ်းပြည်နယ် ဒုတိယအထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူးဦးစိုးလွင်၊  မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အုပ်ချုပ်ရေးမှူး ဦးတင်မြင့်နှင့် နဂါးနှစ်ကောင်သတ္တုတူးဖော်ရေး ကုမ္ပဏီလီမီတက်မှတာဝန်ရှိသူများက အလှူငွေနှင့် ထောက်ပံ့ပစ္စည်းများအား ပေးအပ်လှူဒါန်းခြင်းနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ကြရာ ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူး ဦးရဲနိုင်၊ ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်ခင်မြင့် တို့မှ လက်ခံရယူကြသည်။
ဆက်လက်၍ ဗိုလ်ချုပ်ခင်လှိုင်နှင့် အခမ်းအနားသို့ တက်ရောက်လာကြသူများက သင်တန်းသားများနားနေဆောင်သို့ လှည့်လည်ကြည့်ရှုအားပေးခဲ့ ကြောင်းသိရှိရသည်။

 

ရဲထက်ဦး(ပြန်/ဆက်)