မြင်းမူ ၄ ဇူလိုင်
မြစ်ရေတိုက်စားမှုများ ကာကွယ်ရန်အတွက် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ မြင်းမူမြို့ရှိ ဧရာဝတီမြစ် ကမ်းပြိုကာကွယ်ရေးလုပ်ငန်းနှင့် ဆပ္ပန်းကုန်းကျေးရွာ ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများ ယခုအခါ ဆောင်ရွက်ပြီးစီးပြီဖြစ်သည်။
ဆောင်ရွက်ပြီးစီးခဲ့သော ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများအနက် မြင်းမူမြို့ ဘုရင့်နောင်ရပ်ကွက်အနီး ကျောက်စီမြေထိန်းနံရံ (၁၈၅)ပေ၊ အောက်ခြေထိန်းကျောက်စီ၊ မြေထိန်းနံရံကျောက်စီတမံ (၃၂၆)ပေနှင့် အောက်ခြေထိန်း ကျောက်စီတမံ (၅၉၀)ပေအား စစ်ကိုင်းတိုင်းဒေသကြီးအစိုးရ ခွင့်ပြုရန်ပုံငွေကျပ် သန်း(၁၀ဝ)ဖြင့် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ယူ၍လည်းကောင်း၊ မြို့နယ်အတွင်းရှိ ဆပ္ပန်းကုန်းကျေးရွာ ကျောက်စီမြေထိန်းတမံပေ (၂၀ဝ)ကို တိုင်းဒေသကြီးအစိုးရ ခွင့်ပြုငွေကျပ်သန်း (၇၀)ဖြင့် ရဲရင့်အောင်ကုမ္ပဏီမှလည်းကောင်း တာဝန်ယူဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
ယခုကဲ့သို့ ကမ်းပြိုထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့မှုကြောင့် လမ်းများနှင့် စိုက်ပျိုးမြေများ ပျက်စီးမှုမဖြစ်ပေါ်သည့်အပြင် ကျေးရွာများ ပြောင်းရွှေ့ရခြင်းမှ အကာအကွယ်ရရှိနိုင်မည်ဖြစ်ကြောင်း ဆပ္ပန်းကုန်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသိန်းဝင်းထံမှ သိရှိရသည်။
အောင်စိုးဖေ(မြင်းမူ)


