မိတ္ထီလာ ၄ ဇူလိုင်
မိတ္ထီလာတွင် စာအုပ်စာပေပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲတော်ကို ဇူလိုင် ၈ ရက်မှ ၁၂ ရက်အထိ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်လူထုအခြေပြုဗဟိုဌာန Community Centre တွင် စည်ကားသိုက်စွာ ကျင်းပမည်ဖြစ်ကြောင်း သိရရသည်။
“ရန်ကုန်မြို့ နန်းတော်ဝင်စာပေတိုက်က ဦးဆောင်ပါဝင်တဲ့ စာအုပ်ဆိုင်ပေါင်း ၂၀ ကျော်က သုတ/ရသ စာအုပ်စာစောင်တွေ၊ နည်းပညာစာအုပ်တွေ အပါအဝင် စာအုပ်စာပေအမျိုးမျိုးကို ခင်းကျင်းပြသ ရောင်းချပေးသွားမှာ ဖြစ်ပါတယ်။ ခါတိုင်းနှစ်တွေထက် ထူးခြားတာက ဒီနှစ်စာအုပ်စာပေပြပွဲနဲ့ စာအုပ်ဈေးရောင်းပွဲတော်မှာ ကလေးများအတွက် ဗဟုသုတ အတွေးအခေါ် တိုးတက်စေဖို့ စာပေဟောပြောပွဲ၊ ကဗျာရွတ်ပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲ၊ ပန်းချီးပြိုင်ပွဲနဲ့ စာစီစာကုံးပြိုင်ပွဲတွေကို နေ့စဉ် ထည့်သွင်းကျင်းပသွားမှာ ဖြစ်ပါတယ်” ဟု ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ခင်အိအိသန်းက ပြောသည်။
အဆိုပါ စာအုပ်စာပေပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်စာရေးဆရာများအသင်း၊ စာအုပ်ဆိုင်ဖွင့်လှစ်ရောင်းချမည့်သူများ၊ စာအုပ်စာပေ ချစ်မြတ်နိုးသူများအသင်း (Book Club)၊ နှင့် ဒေသခံစာပေချစ်မြတ်နိုးသူများ၊ လူမှုရေးလုပ်ငန်း ဆောင်ရွက်သူများ၊ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပြီး အဆိုပါစာအုပ်ဈေးရောင်းပွဲတော်သို့ မည်သူမဆို လွတ်လပ်စွာ လာရောက်လေ့လာဝယ်နိုင်ကြောင်း သိရသည်။
ချမ်းသာ ( မိတ္ထီလာ)


