ချောင်းဦး ၄ ဇူလိုင်
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ် ဘူတာကျေးရွာ တောင်သူ ဦးဖိုးချို၏ ကွင်းအမှတ် (၁၉၉၉) ဦးပိုင် (၆၄)တွင် စိုက်ပျိုးထားသော မိုးကြိုချည်မျှင်ရှည်ဝါ ရွှေတောင်(၁၀) စိုက်နည်းစနစ် ယှဉ်ပြိုင်စမ်းသပ်ကွက်ကို ဇူလိုင် (၄)ရက် နံနက် (၇)နာရီက ကွင်းသရုပ်ပြပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
ကွင်းသရုပ်ပြပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်ခင်က အမှာစကားပြောကြားပြီး စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန ဒုတိယတိုင်းဦးစီးမှူး ဦးထွန်းရှိန်က ဝါ စိုက်နည်းစနစ် ယှဉ်ပြိုင်စမ်းသပ်ရခြင်း၏ အကြောင်းကို ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ မုံရွာခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးမျိုးကြည်က စိုက်နည်းစနစ် ယှဉ်ပြိုင်စမ်းသက်ကွက်အား အပင်ဖြစ်ထွန်းမှု၊ ကိုင်းဖြာမှု ၁ ပင်မှာ သီးလုံးပါရှိမှုအား ကိုယ်တိုင်လေ့လာပြီး ဒေသနှင့်ကိုက်ညီသော စိုက်နည်းစနစ်အား စိုက်ပျိုးကြရန် ဆွေးနွေးပြောကြားသည်။
ထို့နောက် ချောင်းဦးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ခင်မြတ်မြတ်ဦးက မိုးကြိုချည်မျှင်ရှည်ဝါ ရွှေတောင်(၁၀) စိုက်နည်းစနစ် ယှဉ်ပြိုင်စမ်းသပ်ကွက် မိုးကြိုဝါစိုက်နည်းစနစ် ၃ ပေ× ၃ ပေနှင့် ၄ ပေ× ၂ ပေဖြင့် စိုက်ပျိုးထားရှိကြောင်း၊ စမ်းသပ်စိုက်ပျိုးထားသည့် မိုးကြိုချည်မျှင်ရှည်ဝါ ရွှေတောင်(၁၀) အပင်ဖြစ်ထွန်းမှု လက္ခဏာများနှင့် အထွက်နှုန်း မိတ်ဖက်လက္ခဏာများနှင့် တောင်သူများအား မျိုးကောင်းမျိုးသန့် သုံးစွဲရေး နည်းပညာပေးဆွေးနွေးခြင်းများကို တက်ရောက်လာကြသည့် ဘူတာကျေးရွာရှိ တောင်သူများအား အသေးစိတ်ရှင်းလင်း ဖြေကြားခဲ့ကြောင်း သိရသည်။
အိအိအောင် (ချောင်းဦး)


