မုံရွာ ၄ ဇူလိုင် 

 

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်အတွင်းမှ တောင်သူများ၏ မိုးသီးနှံစိုက်ပျိုးစရိတ် ချေးငွေများကို မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ  မေ ၆ ရက်မှစတင် ထုတ်ချေးပေးလက်ရှိရာ ဇူလိုင် ၃ ရက်အထိ မြို့နယ်အတွင်း ကျေးရွာအုပ်စု (၂၆)စုရှိ တောင်သူ (၂၃၅၅)ဦးတို့အား မိုးသီးနှံစိုက်ပျိုးစရိတ်ချေးငွေကျပ် (၁၃၆၄၂ ဒသမ ၅၀)သိန်းအား ထုတ်ချေးပေးပြီးဖြစ်ကြောင်း မုံရွာမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ မြို့နယ်မန်နေဂျာ ဦးဘိုစိုး၏ ပြောကြားချက်အရ သိရသည်။

 

fgrre

 

“အခုနှစ်မိုးရာသီ သီးနှံစိုက်ပျိုးစရိတ်ချေးငွေက အခုနှစ်မှာ အခြားသီးနှံစိုက်ပျိုးမယ့် တောင်သူတွေအတွက် တစ်ဧကကို ပုံမှန်ထုတ်ချေးပေးတဲ့ ကျပ် ၅၀ဝ၀ဝ နှုန်းကနေ တစ်ဧကကို ကျပ်(၁)သိန်းအထိတိုးပြီး ထုတ်ချေးတဲ့အတွက် တောင်သူတွေ ချေးငှားမှုပိုပြီးများလာတယ်၊ စိုက်ပျိုးရေးစရိတ်တွေကို ရုံးဖွင့်ရက် နေ့စဉ်နံနက် (၉)နာရီခွဲကနေ ညနေ(၄)နာရီခွဲအထိ ထုတ်ချေးပေးနေတယ်၊ လျာထားချက်နဲ့ကျော်ပြီး ချေးပေးရမယ် ဆိုရင်လည်း အချိန်မီတင်ပြပြီး ထုတ်ချေးပေးမှာပါ” ဟု မုံရွာမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ မြို့နယ် မန်နေဂျာ ဦးဘိုစိုးက ပြောသည်။

 

မိုးသီးနှံစိုက်ပျိုးမှုအနေဖြင့် မုံရွာမြို့နယ်အတွင်း ကျေးရွာအုပ်စု (၄၉)အုပ်စုရှိပြီး စပါးစိုက်ဧက (၄၀ဝ၇)ဧကနှင့် အခြားသီးနှံ  (၇၇၃၀၂)ဧက စိုက်ပျိုးရန် လျာထားကြောင်းနှင့် မုံရွာမြို့နယ်အတွင်း မိုးသီးနှံစိုက်ပျိုးစရိတ်ချေးငွေ ကျပ်သိန်း(၄၀ဝ၀ဝ) ထုတ်ချေးပေးနိုင်ရေး လျာထားလျက်ရှိရာ တောင်သူများ စိုက်ပျိုးစရိတ်ချေးငွေများ အချိန်မီထုတ်ပေးနိုင်ရေး မြို့နယ်မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်မှ လုပ်ဆောင်ပေးလျက်ရှိကြောင်း သိရသည်။

 

ဝင်းဦး(ဇေယျာတိုင်း)