ရေနံချောင်း ၄ ဇူလိုင်

 

မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ် ရွာသစ်ရပ်ကွက် ရွာသစ်ရပ်ရှိ အလင်းစေတမန် စာကြည့်တိုက် ဖွင့်လှစ်ခြင်း ၉ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် မြို့ပေါ်ရှိ အခြေခံပညာအထက်တန်းကျောင်း ၇ ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲများ ကျင်းပမည်ဖြစ်ရာ ယနေ့နံနက် ၉ နာရီက ညောင်လှရပ်ကွက် အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း၌ စတင်ကျင်းပခဲ့သည်။

 

ရှေးဦးစွာ မန္တလေးအမည်ဖြင့် အခမဲ့စာကြည့်တိုက်များတည်ထောင်သူ ဦးဇော်ဇော်၏ ကိုယ်ရေးအကျဉ်းကို အခမ်းအနားမှူးက ဖတ်ကြားသည်။ ထို့နောက် ကျောင်းသား ကျောင်းသူလေးများ အတုယူနိုင်ရန် မန္တလေး အခမဲ့စာကြည့်တိုက်များ တည်ထောင်သူ ဦးဇော်ဇော်က ၎င်း၏ဘဝဖြတ်သန်းခဲ့ပုံများနှင့် စာကြည့်တိုက်များ တည်ထောင်ဖြစ်ခဲ့ပုံများကို ပြောကြားပြီး စာဖတ်ခြင်း၏ အကျိုးကျေးဇူးများကို အသိပညာပေးဟောပြောရာ ဆရာ ဆရာမ ၄၀ ဦးကျော်နှင့် ကျောင်းသား ကျောင်းသူ ၁၀ဝ၀ ဦးကျော်တို့ တက်ရောက်ခဲ့သည်။

 

ဆက်လက်၍ မွန်းလွဲပိုင်းတွင် အ.ထ.က(၁)၊ အ.ထ.က(ခွဲ) ဝက်ချုပ်နှင့် အ.ထ.က(ခွဲ) သပြေကျောင်းတို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပြီး ဇူလိုင် ၅ ရက်တွင် အ.ထ.က(၂)၊ အ.ထ.က(ခွဲ) လည်ပေါ်နှင့် အ.ထ.က(ခွဲ) တွင်းကုန်းကျောင်းတို့တွင် ဟောပြောသွားမည်ဖြစ်ကြောင်း သိရသည်။

 

ကျောင်းသား ကျောင်းသူလေးများ စာဖတ်ခြင်းမှ ရရှိလာသော အကျိုးကျေးဇူးများကို ကျယ်ကျယ်ပြန့်ပြန့် သိရှိလာစေရန်နှင့် စာအုပ်စာပေများအပေါ် စိတ်ဝင်စားမှုမြင့်မားလာစေရန် ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲများကို ကျင်းပရခြင်းဖြစ်ကြောင်း အလင်းစေတမန်စာကြည့်တိုက် ဘဏ္ဍာရေးမှူး ဦးခင်မောင်လွင်ထံမှ သိရသည်။

 

ကိုစိုးကြီး

 

DSC084