နေပြည်တော်  ၄   ဇူလိုင် 

 

သမဝါယမအသင်းဝင်အားလုံးသည် အသင်း၏ စားသုံးသူဖြစ်သကဲ့သို့ အလုပ်ရှင် လည်းဖြစ်ပါကြောင်း၊ သမဝါယမဆိုင်ရာ စီးပွားရေးလုပ်ငန်းများကို အကျိုးအမြတ်နှင့် မောင်းနှင်ခြင်း မဟုတ်ဘဲတန်ဖိုး(Value)ဖြင့် မောင်နှင်ရခြင်းဖြစ်ကြောင်း ပြည်ထောင်စု ဝန်ကြီး ဒေါက်တာအောင်သူက ပြောကြားသည်။

 

အသင်းသား များအတွက် အရပ်ရပ်ဆိုင်ရာအကျိုးစီးပွားဆောင်ရွက်ရာတွင် လွတ်လပ်စွာ ဖွဲ့စည်းထားသည့် အသင်းအဖွဲ့ဖြစ်သည့် အားလျော်စွာ သမဝါယမ အသင်း ဝင်အားလုံးတို့၏ တူညီသည့် သဘောထားများဖြင့် ပူးပေါင်းပါဝင်မှုသည် အလွန်အရေး ပါကြောင်း ယနေ့ နံနက် ၁၀နာရီက နေပြည်တော်ရှိ ရုံးအမှတ် ၃၆ အစည်းအဝေး ခန်းမ၌ ကျင်းပသည့် မွေးမြူရေး၊ ရေလုပ်ငန်းနှင့်ကျေးလက်ဒေသဖွံ့ဖြိုးရေး ဝန်ထမ်း ပေါင်းစုံသမဝါယမအသင်းစုလီမိတက် ၏ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ပြည်ထောင် စုဝန်ကြီး ဒေါက်တာအောင်သူ က ထိုကဲ့သို့ ပြောကြားခြင်းဖြစ်သည်။

 

အစည်းအဝေးတွင် အမြဲတမ်းအတွင်းဝန် ဒေါက်တာခင်ဇော်က မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ထမ်းပေါင်းစုံ သမဝါယမအသင်းစု လီမိတက် စတင်ဖြစ်ပေါ်လာပုံနှင့် ဘဏ္ဍာရေးနှစ်အလိုက် ဆောင်ရွက်ချက်များကို ရှင်းလင်းတင်ပြပြီး သမဝါယမဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်က အသင်း၏ ဆောင်ရွက်ချက်များအား ဂုဏ်ပြုစကားပြောကြားသည်။

 

ဆက်လက်၍ အသင်းစုလီမိတက် ၏ အမှုဆောင်အဖွဲ့အစီရင်ခံစာနှင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်ရှင်းတမ်းနှင့် အမြတ်ခွဲဝေစာရင်း ၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်စာရင်း စစ်ရှင်းတမ်းများကို ဖတ်ကြားတင်ပြပြီး အစည်းအဝေးတက်ရောက်လာကြသော အသင်း သူအသင်းသားများ၏ ဆွေးနွေးအကြံပြုချက်များနှင့်  သဘောတူညီမှုကို ရယူ ဆောင်ရွက်ခဲ့သည်။ 

 

ဝန်ထမ်းများ၏ လူမှုရေး၊ ကျန်းမာရေးသက်သာချောင်ချိရေးနှင့် ဝန်ထမ်းသားသမီး များ၏ ပညာရေးအတွက် ထောက်ပံ့ပေးနိုင်ရန် ရည်ရွယ်၍ မွေးမြူရေး၊ ရေလုပ်ငန်း နှင့်ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ထမ်းပေါင်းစုံသမဝါယမအသင်းစုလီမိတက်ကို ၂၀၁၂ ခုနှစ် ဧပြီလ ၁ ရက်တွင် စတင်ဖွဲ့စည်းခဲ့ပြီး သမဝါယမအသင်းဖွဲ့စည်း ဆောင်ရွက်ခြင်း ဆိုင်ရာ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်၍ အသင်း၏ သက်တမ်း ၇ နှစ် တာကာလအတွင်း မွေး/ရေ ကျေးလက် ဝန်ထမ်း ၇၀ဝ ကျော်ကိုရုံးဖွင့်ရက်တိုင်း နံနက်စာ ကျွေးမွေးခြင်း၊ ဝတ်စုံစရိတ်ထောက်ပံ့ခြင်း၊ သာရေး၊ နာရေးထောက်ပံ့ခြင်း၊ နှင့် ဝန်ထမ်းသားသမီးများအတွက် ပညာသင်ထောက်ပံ့ခြင်း၊ ပညာရည်ချွန်ဆုထောက်ပံ့ခြင်း၊ မြန်မာ့ရိုးရာထုံးတမ်းစဉ်လာ အခမ်းအနားများကျင်းပပေးခြင်း၊ အားကစားပြိုင်ပွဲများ ကျင်းပပေးခြင်းတို့ကို ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။ 

 

(သတင်းစဉ်)