နေပြည်တော် ၄ ဇူလိုင် 


စူပရင်းသွေးလှူရှင်များ အသင်းက ဦးစီး၍ သွေးလှူရှင် အသင်းများ၊ ပြည်သူများ ပူးပေါင်းကာ (၁၄)ကြိမ်မြောက် စုပေါင်းသွေးလှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော် ခုတင်(၁၀ဝ၀)ပြည်သူ့ဆေးရုံကြီး၌ ကျင်းပသည်။


အခမ်းအနားတွင် တာဝန်ရှိသူများက အမှာစကားပြောကြားခြင်း၊ သွေးလှူဒါန်းမှု ရည်ရွယ်ချက်များ ရှင်းလင်းတင်ပြခြင်း၊ သွေးလှူဒါန်းခြင်းနှင့် သက်ဆိုင်သည့် အသိပညာများမျှဝေခြင်း၊ အလှူငွေများ ပေးအပ်လှူဒါန်းခြင်းများကို ဆောင်ရွက်ကြပြီး အခမ်းအနားသို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် သွေးအလှူရှင်များ တက်ရောက်ကြသည်။


(၁၄)ကြိမ်မြောက် စုပေါင်းသွေးလှူဒါန်းပွဲတွင် ရဟန်းသံဃာများ၊ စူပရင်းမိသားစု သွေးလှူရှင်အသင်း၊ နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ မြို့နယ်များနှင့် ကျေးရွာများမှ သွေးလှူရှင်အသင်းများ၊ ပရဟိတအသင်းအဖွဲ့များ၊ တစ်ဦးချင်းသွေးလှူဒါန်းသူများ၊ ဌာနဆိုင်ရာများမှ သွေးလှူရှင်များ စုစုပေါင်း လူဦးရေ (၁၀ဝ၀)ကျော် ပါဝင်လှူဒါန်းကြသည်။


“စူပရင်းသွေးလှူရှင်များ မိသားစုအနေနဲ့ ယခင်ရန်ကုန်မြို့မှာပဲ သွေးလှူပွဲတွေ ကျင်းပခဲ့တာဖြစ်ပြီး နေပြည်တော်အနီးတစ်ဝိုက် သွေးလိုအပ်တဲ့အခါ သွေးလှူရှင် ရှာဖွေရာမှာ ခက်ခဲမှုတွေရှိတယ်လို့ ကြားရတဲ့အတွက် နေပြည်တော်က သွေးလှူရှင်တွေနဲ့ပူးပေါင်းပြီး လာရောက်လှူဒါန်းဖြစ်တာပါ။ ခုလိုလှူဒါန်းတဲ့အတွက် သွေးလှူရှင် ပရဟိတအသင်းတွေ ကွန်ယက်ချိတ်ဆက်မှုရရှိစေပြီး လိုအပ်တဲ့အခါမှာ လွယ်ကူအဆင်ပြေစွာနဲ့ အသက်ကယ်လုပ်ငန်းများ ဆောင်ရွက်နိုင်စေဖို့ ရည်ရွယ်ကျင်းပတာ ဖြစ်ပါတယ်” ဟု စူပရင်းသွေးလှူရှင်များမိသားစု၏ ပူးတွဲဥက္ကဋ္ဌ ဒေါ်မြတ်သန္တာက ပြောသည်။


ယခု သွေးလှူဒါန်းပွဲကို ဇူလိုင် (၅)ရက်အထိ နှစ်ရက်ပြုလုပ်သွားမည်ဖြစ်ပြီး သွေးပုလင်းပေါင်း (၁၀ဝ၀)ခန့် ရရှိရန် မျှော်မှန်းထားကာ စူပရင်းသွေးလှူရှင်များမိသားစုက ပါဝင်လှူဒါန်းကြသည့် သွေးလှူရှင်များကို ငွေကျပ်သိန်း (၁၃၀) တန်ဖိုးရှိ အာဟာရဖြည့် အစားအစာများနှင့် ထောက်ပံ့ပစ္စည်းများ၊ ဂုဏ်ပြုဆုတံဆိပ်များကို ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။ 


သတင်းစဉ်