မြိတ် ၄ ဇူလိုင်
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ ကန်ဖျားရပ်ကွက်ရှိ ပျံကျကုန်စိမ်းဈေးတွင် ရောင်းချလျက်ရှိသော ဈေးသူ/သားများအား ရှမ်းချောင်းပျံကျကုန်စိမ်းဈေးသစ်သို့ တိုင်းဒေသကြီးအစိုးရ၏ ညွှန်ကြားချက်ဖြင့် ဇူလိုင် ၁၃ ရက်နေ့ နောက်ဆုံးထား၍ ပြောင်းရွှေ့ရန် စည်ပင်သာယာရေးအဖွဲ့မှ အသိပေး အကြောင်းကြား ထားကြောင်း သိရသည်။
မြို့နယ်စည်ပင်သာယာရေးအဖွဲ့က “ကန်ဖျားရပ်ကွက် ကုန်စိမ်းဈေးရှိ ဈေးသည်များအားလုံး ရှမ်းချောင်းကျေးရွာ ကုန်စိမ်းဈေးသစ်ကို ဇွန်လ ၂၉ ရက်နေ့ကစပြီး ပြောင်းရွှေ့ဖို့နဲ့ ဇူလိုင်လ ၁၃ ရက်နေ့အပြီး ပြောင်းရွှေ့ဖို့ ၁၄ ရက်နေ့မှာ ကန်ဖျားကုန်စိမ်းဈေးကို ပိတ်သိမ်းသွားမည်ဖြစ်ကြောင်း စာထုတ်ပြန်ထားပြီး ကြေညာချက်အတိုင်း ဆောင်ရွက်သွားမှာဖြစ်ပါတယ်”ဟု မြို့နယ်စည်ပင်သာယာရေး အဖွဲ့ အမှုဆောင်အရာရှိ ဦးကြည်စိုး က ပြောသည်။
ကုန်စိမ်းဈေးအသစ်သို့ ပြောင်းရွှေ့ရန် အသိပေး အကြောင်းကြားချက်အပေါ် ဈေးသူ/သားများက ပြောင်းရွှေ့ လိုခြင်းမရှိသည့်အတွက် သတင်းစာရှင်းလင်းပွဲကို အောင်မင်္ဂလာခန်းမ၌ ဇူလိုင်လ ၂ ရက် မွန်းလွဲပိုင်းက မီဒီယာများကို ခေါ်ယူကာ သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့သည်။
သတင်းစာရှင်းလင်းပွဲကို ဈေးကော်မတီဥက္ကဌနှင့် ကော်မတီဝင်များ၊ ဈေးသူဈေးသားများမှ ကုန်စိမ်း ဈေးမှ ရှမ်းချောင်းကုန်စိမ်းဈေးသစ်သို့ ပြောင်းရွှေ့လိုခြင်းမရှိကြောင်း သဘောဆန္ဒများကို သတင်းမီဒီယာများအား ပြောကြားခဲ့ပြီး သတင်းမီဒီယာများ၏ မေးမြန်းချက်ကို ပြန်လည်ဖြေကြားခဲ့ကြသည်။
“ဒီဈေးက အကုန်လုံး အချက်အချာကျနေပြီး အနယ်နယ် အရပ်ရပ်မှ လာဝယ်တဲ့ ဈေးဖြစ်ပါတယ်။ ရှမ်းချောင်းကုန်စိမ်းဈေးက ဝေးလံတဲ့အတွက် တော်ရုံဈေးသည်တွေ အဆင်မပြေပါဘူး။ ကုန်စိမ်းဈေးက ဒိုင်ဈေး ဖြစ်နေတဲ့အတွက် ကျန်တဲ့ဈေးငယ်တွေက ဈေးမှာလာဝယ်ပြီး ရပ်ကွက်တွေမှာ ဖြန့်ဖြူးရောင်းချကြတယ်။ ဈေးပြောင်းရွှေ့သွားရင် ဖောက်သည်တွေပျက်မယ်။ ဈေးရောင်းမှုအင်အားလျှော့နည်းသွားမယ်။ ကျွန်တော်တို့ အနောက်မှာရှိတဲ့ သားသမီးတွေ ကျောင်းသူ/သားတွေ ဂယက်ရိုက်သွားနိုင်ပါတယ် ”ဟု ဈေးကော်မတီဥက္ကဌ ဦးသန်းလွင် က ပြောသည်။
ကန်ဖျားကုန်စိမ်းဈေးကို ၂၀ဝ၄ ခုနှစ်မှစ၍ ယာယီပျံကျ ကုန်းစိမ်းဈေးအဖြစ် စတင်ရောင်းဝယ်ဖောက် ကားလာပြီး သစ်သားတိုင်စိုက်၊ ဓနိမိုး ဖြင့်မြေကြီးပေါ်တွင်ရောင်းချခဲ့ရာမှ ၂၀၁၅ခုနှစ်၌ ဈေးသူဈေးသားများမှ ဆိုင်ခန်းတစ်ခန်း ၈ ပေ ၆ ပေ အကျယ်ကို ငွေကျပ် ၆၅၄၀ဝဝ ဖြင့် ဆိုင်ခန်းစုစုပေါင်း ၁၂၃ ခန်းကို ဆောက်လုပ်ခဲ့ကြောင်း ဈေးကော်မတီမှ သိရသည်။
ရှမ်းချောင်းကုန်စိမ်းဈေးတွင် ကန်ဖျားကုန်စိမ်းဈေး၌ လက်ရှိရောင်းချနေသော ၁၂၃ ခန်း၊ မီးစက်ရုံနှင့် စာသင်ကျောင်းကြားရှိဆိုင်ခန်း ၄၈ ခန်းနှင့် ပြင်ပမှ ရောင်းချရန် ဆန္ဒပြုသူများကို နေရာချထားပြီးဖြစ်ကြောင်း၊ ၁၂၃ ခန်းတွင် ရောင်းချနေသူများကို ရောင်းချသည့်အတိုင်း ၆ ပေ ၈ ပေဖြစ်ပြီး မီးစက်ရုံနှင့်စာသင်ကျောင်း ကြားရှိ ဆိုင်ခန်းများကို ၆ ပေ ၄ ပေ နေရာချထားပေးမှာဖြစ်သလို နေရာချထားမှုကို ဗီနိုင်းချိတ်ဆွဲ ပေးထား ကြောင်း စည်ပင်သာယာရေးအဖွဲ့မှ သိရသည်။
“ဒီဈေးစပြောင်းလာတာ(၁၇)နှစ်ရှိပါပြီ။ ဈေးစပြောင်းကတည်းက ရောင်းပါတယ်။ ဒီဈေးမှာ ဆက် လက်တည်ရှိမယ်ဆိုရင် အကုန်လုံးအတွက် အဆင်ပြေမှုတွေရှိပါတယ်။ ပြောင်းရမယ်ရွှေ့ရရင် တကယ်အခက် အခဲမရှိဘူးထင်နေတယ်။ အခုတကယ်ဖြစ်မှ ရင်ထဲမှာ တကယ်ခံစားရပါတယ်။ လုံးဝပြောင်းဖို့ အစီအစဉ် မရှိ ပါဘူး” ဟု ဈေးရောင်းချနေသူ မမာလာစန်း က ပြောသည်။
ကန်ဖျားကုန်စိမ်းဈေးသည် သွားရေးလာရေးမှအစ အဆင်ပြေမှုများရှိပြီး ရှမ်းချောင်းကုန်းစိမ်းဈေးသည် လမ်းပန်းဆက်သွယ်ရေး ဝေးသည့်အတွက် ခရီးသည်ပို့ဆောင်စရိတ်မြင့်တက်နိုင်ပြီး ဝယ်သူမလိုက်ပါက အခက် အခဲရှိကြောင်း၊ တခြားဈေးတွေရှိသည့်အတွက် ဝယ်သူများကနီးသည့်ဈေးတွင် ဝယ်ယူနိုင်သည့်အတွက် အခက်အခဲများရှိကြောင်း ဈေးသူ/သားများထံမှ သိရသည်။
“ဒီဈေးမှာရောင်းရတာ အားလုံးအဆင်ပြေတယ်။ မိသားစု စားဝတ်နေရေးနှင့် ကျောင်းသူ/သားတွေ အားလုံးနှင့် အဘက်ဘက်မှလာတဲ့ဈေးဝယ်သူအားလုံး အဆင်ပြေတယ်။ ဒီဈေးမှ ပြောင်းရွှေ့ချင်တဲ့ ဆန္ဒလုံးဝ မရှိပါဘူး” ဟု ဈေးရောင်းချနေသူ မခင်နွယ်ဝင်း က ဆိုသည်။
ကန်ဖျားကုန်စိမ်းဈေးသည် ကန်ဖျားမီးပွိုင့်အနီးတွင် တည်ရှိပြီး ဈေးလာသည့် ကုန်စိမ်းတင်ကားကြီးများ၊ မော်တော်ကားများ၊ ဘေးတွဲဆိုင်ကယ်များ၊ တုတ်တုတ်များဖြင့် ဈေးလမ်းတွင် ယာဉ်ကျောပိတ်ဆို့မှုများ ဖြစ်ပေါ်လျက်ရှိပြီး ကန်ဖျားရပ် အခြေခံပညာ အလယ်တန်းကျောင်းအနောက်ဘက်နှင့်ဘေးဘက်တွင်တည်ရှိကာ စာသင်ကျောင်းတွင် ကျောင်းသား/သူ ၁၇၀ဝ ခန့် ပညာသင်ကြားလျက်ရှိသည်။
“ကုန်စိမ်းဈေးရှိသည့် အတွက်ကြောင့် ဈေးနားကပ်နေသည့်အခန်းကတော့ သူငယ်တန်းနှင့် မူကြိုတွေ ထားရှိသင်ကြားနေသည့်အတွက်ကြောင့် ဈေးကလာတဲ့အနံ့အသက်တွေက ကလေးတွေအပေါ် သက်ရောက်မှု အများကြီးရှိပါတယ်။ ချက်ချင်းမသိသာပေမယ့် ရေရှည်မှာ ကျန်းမာရေး ထိခိုက်မှုရှိနိုင်ပါတယ်။ အဲဒါကြောင့် ကုန်စိမ်းဈေးကို ကျောင်းအနီးအနားမှာ မရှိသင့်ဘူးလို့မြင်ပါတယ်။ သင့်တော်မယ့်နေရာရှိရင် ကုန်စိမ်းဈေးကို ရွှေ့ပေးစေချင်ပါတယ်” ဟု ကန်ဖျားကျောင်း ကျောင်းအုပ်ဆရာ ဦးစိုးတင့် က ဆိုသည်။
၂၀၁၆ ခုနှစ်တွင် လွှတ်တော်မေးခွန်းတွေနဲ့ ပြည်သူလူထုမှလည်း မလိုလားသည့်အတွက် ကျောင်းနဲ့ လည်းအဆင်မပြေသည့်အတွက် ရှမ်းချောင်းတွင် ကုန်စိမ်းဈေးကို စည်ပင်သာယာရေးအဖွဲ့ ရန်ပုံငွေဖြင့် တည် ဆောက်ခဲ့ကြောင်း၊ ဈေးဆောက်လုပ်ရာတွင် လမ်းအဝင်အထွက်ကောင်းအောင် အမှိုက်ကန်၊ အိမ်သာ၊ ရေသွယ်တန်းမှု၊ ယာဉ်ရပ်နားစခန်းတွေ ဆောင်ရွက်ထားကြောင်း၊ ကုန်စိမ်း(၁၂)ဘီးကား (၁၀)စီးရပ်နိုင်အောင် စီစဉ်ပေးထားကြောင်း၊ ကန်ဖျားကုန်စိမ်းဈေးရှိ ဈေးဆိုင်ခန်းအတိုင်း ရှမ်းချောင်းကုန်စိမ်းဈေးသစ်တွင် ဆိုင်ခန်း ဝယ်စရာမလိုဘဲ စနစ်တကျနေရာပေးကာ ဈေးရောင်းချသူ သက်တောင့်သက်သာရောင်းနိုင်အောင် စီစဉ်ပေး ထားကြောင်း စည်ပင်သာယာရေးကော်မတီမှ သိရသည်။
“ဈေးနဲ့ ပတ်သက်ပြီး အများသူငှာ အကျိုးအလို့ငှာ ပတ်ဝန်းကျင်မှ ယာဉ်ကျောပိတ်ဆို့တာ သန့်ရှင်းတဲ့ အနံ့အသက်မရှိဘဲ ကုန်စိမ်းမှ ထွက်လာတဲ့အနံ့တွေ အမြဲရှူရှိုက်ရနေတာတွေ စာသင်ကျောင်းရှိ ကလေးတွေရဲ့ ကျန်းမာရေးအတွက် ကုန်စိမ်းအနံ့နဲ့ ထွက်လာတဲ့အနံ့သက်ဆိုးတွေ ကြုံနေရတော့ ကန့်ကွက်မှုတွေများလာတဲ့ အနေအထားနဲ့ ကော်မတီအနေနဲ့ မြို့ရဲ့အင်္ဂါရပ်နဲ့အညီ သင့်တော်တဲ့နေရာရွှေ့ပြောင်းဖို့စီစဉ်တယ်” ဟု မြို့နယ်စည်ပင်သာယာရေး ကော်မတီ ဥက္ကဌ ဦးမြတ်ကိုကို က ပြောသည်။
ကန်ဖျားကုန်စိမ်းဈေးကို ၂၀၁၃-၁၄ခုနှစ်တွင် စာသင်ကျောင်း ကျောင်းကော်မတီ ကျောင်းသား မိဘ များမှ ကန့်ကွက်မှုများများပြားလာပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ကို တင်ပြကြကြောင်း၊ ၂၀၁၅ တွင် ကန်ကွက်မှု ပိုမိုများပြားလာ၍ ၂၀၁၆ ခုနှစ်တွင် လွှတ်တော်ကိုယ်စားလှယ်များက တိုင်းဒေသကြီး လွှတ်တော်တွင် ကတိက ဝတ်များဖြင့် မေးခွန်းမေးမြန်းသည်အထိဖြစ်ခဲ့ကြောင်း၊ ကုန်စိမ်းဈေးနဲ့ပတ်သက်ပြီး စည်ပင်သာယာရေးဝန်ကြီးမှ သင့်တော်သော ဈေးနေရာရှာဖွေပြီး နေရာရရှိပါက ပြောင်းရွှေ့မည်ဟု လွှတ်တော်တွင် ဖြေကြားချက်များရှိခဲ့ကြောင်း သိရသည်။
“တိုင်းဒေသကြီးအစိုးရ၏ အမိန့်ညွှန်ကြားချက်တွေ လာပြီဖြစ်တဲ့အတွက်ကြောင့် စည်ပင်သာယာရေး အဖွဲ့မှ ဥပဒေအတိုင်း ရုံးအမိန့်ထုတ်ပြီး ဇူလိုင် ၁၃ ရက် ကျရင်အားလုံးပြောင်းရွှေ့ဖို့ ညွှန်ကြားထားတာ ရှိပါတယ်။ ရှမ်းချောင်းကုန်စိမ်းဈေးသို့ ပြောင်းရွှေ့ရာတွင် ဈေးသူဈေးသားများ လိုက်ပါပေးဖို့ မေတ္တာရပ်ခံလိုပါတယ်။ ဒါပေမယ့်မလိုက်ဘူးဆိုရင်တော့ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်ချက်အတိုင်း ဆက်လက်ဆောင်ရွက်သွားမည်” ဟု ထပ်လောင်းပြောကြားသည်။
ကန်ဖျားကုန်စိမ်းဈေးသည် ယခင်က ဆိပ်ငယ်ဈေး အနောက်ဘက်လမ်းကြားတွင် ဖွင့်လှစ်သည့်ဈေး ဖြစ်ပြီး ၂၀ဝ၄ခုနှစ်တွင် ဈေးပတ်ဝန်းကျင် ပြည်သူများ၏ တင်ပြချက်ဖြင့် ကန်ဖျားရပ်သို့ ယာယီပြောင်းရွှေ့ လာခဲ့ကြောင်း၊ ယာယီပြောင်းရွှေ့ပြီးနောက်ပိုင်း ဈေးအနီးအနားပတ်ဝန်းကျင်ရှိ ပြည်သူများ၊ စာသင်ကျောင်း၊ ခရီးသွားလာမှုနှင့်ပတ်သက်ပြီး ပတ်ဝန်းကျင် အနှောင့်အယှက်ဖြစ်မှုနှင့် မျိုးဆက်သစ်ကျောင်းသား/သူများ၏ ပညာသင်ကြားရာတွင် အနှောင့်အယှက်ဖြစ်စေမှု၊ လမ်းသွားလမ်းလာများ၏ တင်ပြမှုများ၊ လွှတ်တော်ကိုယ်စား လှယ်များ၏ ဆွေးနွေးချက်များနှင့် တနင်္သာရီ တိုင်းဒေသကြီး အစိုးရအဖွဲ့၏ အစည်းအဝေး ဆုံးဖြတ်ချက်ဖြင့် ကုန်စိမ်းဈေးအားပြောင်းရွှေ့ရန် အကြောင်းကြားလာခြင်းဖြစ်ကြောင်း စည်ပင်သာယာရေးအဖွဲ့မှ သိရသည်။
ခိုင်ထူး ( မြိတ် ပြန်/ဆက် )


