ရန်ကုန် ၄ ဇူလိုင်
ဘုန်းတော်ကြီးကျောင်းပညာသင်ကြားမှု(ဗဟို) ကြီးကြပ်ရေးအဖွဲ့၏ (၂၆)ကြိမ် မြောက် အစည်းအဝေးကို ယနေ့နံနက် ၈ နာရီခွဲက ရန်ကုန်မြို့ ကမ္ဘာအေးကုန်းမြေရှိ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်)ဘွဲ့နှင်းသိမ်ဓမ္မာရုံ၌ ကျင်းပသည်။
အစည်းအဝေးတွင် သဘာပတိ ဘုန်းတော်ကြီးကျောင်းပညာသင်ကြားမှု(ဗဟို) ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ တွဲဖက်အကျိုးတော် ဆောင် ဆရာတော် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တ စိန္တိတာလင်္ကာရ က အဖွင့်သြဝါဒကထာမြွက်ကြားပြီး သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးကိုယ်စား အမြဲတမ်းအတွင်းဝန် ဦးထွန်းအုံက သာသနာရေးဆိုင်ရာများ လျှောက်ထားသည်။
ထို့နောက် ဘုန်းတော်ကြီးကျောင်းပညာသင်ကြားမှု(ဗဟို) ကြီးကြပ်ရေးအဖွဲ့ အတွင်းရေးမှူး သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမိုးဇော်ရွှေက (၂၅)နှစ်မြောက် အစည်းအဝေးဆုံးဖြတ်ချက်များ အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို လျှောက်ထားသည်။
ဆက်လက်၍ တိုင်းဒေသကြီး/ပြည်နယ်ကြီးကြပ်ရေးအဖွဲ့ ဆရာတော်များနှင့် အစည်းအဝေးသို့ တက်ရောက်လာကြသူများက ဘုန်းတော်ကြီးကျောင်းပညာသင်ကြား မှုနှင့် ပတ်သက်၍ ဆောင်ရွက်ပြီးစီးမှုအခြေအနေများ၊ ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ဆွေးနွေးဆုံးဖြတ်ကြသည်။
ယင်းနောက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အဖွဲ့ဝင်ဆရာတော် အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒွိပိဋကဓရ ဘဒ္ဒန္တနာဂိတ က နိဂုံးချုပ် သြဝါဒကထာမြွက်ကြားတော်မူပြီး ဆရာတော် သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။
သတင်းစဉ်


