ပုသိမ် ၄ ဇူလိုင်
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့တွင် ၂၀၁၈- ၂၀၁၉ ဘဏ္ဍာရေးနှစ်တိုင်း ဒေသကြီးအစိုးရအဖွဲ့မှ မြို့နယ်/မြို့စည်ပင်သာယာရေး ကော်မတီများသို ထောက်ပံ့သည့် ယာဉ်၊ စက်ယန္တရားများ လွှဲပြောင်းပေးအပ်ပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီက မြို့တော်ခန်းမ၌ ကျင်းပသည်။
ရှေးဦစွာ ဝန်ကြီးချုပ်ဦးလှမိုးအောင်က ဧရာဝတီတိုင်းဒေသကြီး အတွင်းမှာရှိသည့် မြို့နယ်/မြို့စည်ပင်သာယာရေး ကော်မတီများအနေဖြင့် စည်ပင် သာယာရေး လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာတွင် လုပ်ငန်းများ ပိုမို ဆောင်ရွက်နိုင်ရေး လိုအပ်လျက်ရှိနေသည့် ယာဉ်၊ စက်ယန္တရားများကို တိုင်းဒေသကြီး အစိုးရအဖွဲ့ ထောက်ပံငွေနှင့်ဝယ်ယူပြီး ဖြည့်တင်းလွှဲပြောင်းပေးအပ်သည့် အခမ်းအနားဖြစ်ကြောင်း၊ ယနေ့အခမ်းအနားနှင့် ပေးအပ်သွားမည့် ယာဉ်၊ စက်ယန္တရားများမှာ ၂၀၁၈- ၂၀၁၉ ဘဏ္ဍာရေးနှစ်တိုင်း ဒေသကြီးအစိုးရအဖွဲ့ ထောက်ပံရန်ပုံငွေ ကျပ် ၂ ဒသမ ၃၇၈ ဘီလီယံ တန်ဖိုးရှိ မြေတူး စက်(မြေ+ရေ)တစ်စီး၊ မြေတူးစက်(မြေ) ၁၃ စီး၊ ရေပုပ်စုပ်ယာဉ်၂၄ စီး၊ အမှိုက်ကန်ယာဉ် ၃ စီး၊ အမှိုက်သိမ်းယာဉ်(တစ်ပါ) ၁၆ စီး၊ စုစုပေါင်း ၅၇ စီးလွဲပြောင်းပေး အပ်သွားမှာဖြစ်ကြောင်း၊ ၂၀၁၉- ၂၀၂၀ ဘဏ္ဍာနှစ်မှာလည်း တိုင်းဒေသကြီးအစိုးရအဖွဲ့ ထောက်ပံ့ရန်ပုံငွေ ကျပ် ၁ ဒသမ ဝ၈၂ ဘီလီယံနှင့် မြေတူးစက်(မြေ) ၇ စီး၊ အမှိုက်သိမ်းယာဉ်(တစ်ပါ)အစီး ၂၀ တို့ကိုလည်းကောင်း၊ ဧရာဝတီဖောင်ဒေးရှင်းကပြန်ရသည့် ငွေများအနက် ငွေကျပ် ၁ ဒသမ ၁၃ ဘီလီယံနဲ့ မြေတူးစက် ၃ဒသမ၅ တန် ၉ စီး၊ မြေတူးစက် တန် ၂၀ တစ်စီး၊ ရေသယ်ယာဉ် (ကိုရီးယား) ၄ စီးတို့ကိုလည်ကောင်း ဝယ်ယူထောက်ပံသွားမှာဖြစ်သည့်အတွက် နောင်နှစ်ကုန်အထိ ယာဉ်၊ စက်ယန္တရား ၉၈ စီး လွဲပြောင်းပေးအပ်ပြီးမှာဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်ပြီး မြို့နယ်/မြို့စည်ပင်သာယာရေးကော်မတီများသို့ ခွဲဝေချထားပေးသည့် ယာဉ်၊ စက်ယန္တရားစာရင်းအား ကြေငြာသည်။ ၎င်းနောက် ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက မြို့နယ်/မြို့ စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌများထံသို့ ယာဉ်၊ စက်ယန္တရားများကို ထောက်ပံ့ပေးအပ်လိုက်သည်။ ထို့နောက် မြို့နယ်/မြို့စည်ပင်သာယာရေး ကော်မတီများကိုယ်စား စည်ပင်သာယာရေးဝန်ကြီး ဦးကျော်မြင့် ကျေးဇူးတင်စကားပြောကြားသည်။
အခမ်းအနားအပြီးတွင် ဝန်ကြီးချုပ်ဦးလှမိုးအောင်နှင့် တာဝန်ရှိသူများက ပြသထားသော ယာဉ်၊ စက်ယန္တရားများ ကြည်ရှုခဲ့ကြောင်း သိရသည်။
သတင်း/ဓာတ်ပုံ မောင်မောင်မြင့် (ပြန်/ဆက်)


