နေပြည်တော် ၄ ဇူလိုင်
မူးယစ်တပ်ဖွဲ့စု(၂၀)လွိုင်ကော်မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇူလိုင် ၃ ရက် ည ၈ နာရီက လွိုင်ကော်မြို့နယ်၊ ပိန်းချစ်ကျေးရွာ၊ လွိုင်လင်လေး-အိုင်စန့်ကားလမ်းတွင် အန်တောညို(ခ)မိုးဒီ မောင်းနှင်လာသည့် မော်တော်ယာဉ်ကို စစ်ဆေးရန်တားဆီးစဉ် စစ်ဆေးရေး အဖွဲ့များအား တိုက်၍မောင်းနှင်သွားရာ ရဲတပ်ဖွဲ့တစ်ဦးနှင့်သက်သေ ၂ ဦးတို့မှ ဒဏ်ရာများရရှိခဲ့ပြီး ဆက်လက်၍ ၎င်းယာဉ်အားပိတ်ဆို့တားဆီးစစ်ဆေးရှာဖွေခဲ့ရာ စိတ်ကြွရူးသွပ်ဆေးပြား ၂၂၈၀ နှင့် ဓားမြှောင်တစ်ချောင်း တို့ကို သိမ်းဆည်းရမိခဲ့သည်။
အလားတူ ဇူလိုင် ၂ ရက် ညနေပိုင်းက မိုးကုတ်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မိုးကုတ်မြို့နယ်၊ မိုးကုတ်-ချောင်းကြီးကျေးရွာသွားလမ်းတွင် စိုးမိုးကျော် မောင်းနှင်ပြီး မမေလီထွေး (ခ)အားဆာ လိုက်ပါလာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၁၉၀ နှင့် ဘိန်းဖြူ ၂၄ ဂရမ် တို့ကို လည်းကောင်း၊
ယင်းနေ့ညနေ ၆ နာရီက တပ်မတော်မှ လောက်ကိုင်မြို့နယ်၊ ရန်လုံကျိုင်းကျေးရွာအနီးရှိ တောလမ်းတွင်တွေ့ရှိသူ တရုတ်နိုင်ငံသား လီပင်းအားစစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၃၉၂၀ ကိုလည်းကောင်း၊
ထို့အတူ ဇူလိုင် ၃ ရက် ည ၉ နာရီခွဲက မူးယစ်တပ်ဖွဲ့စု(၂၄)လားရှိုးမှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် သိန္နီမြို့နယ်၊ ရေပူ ပူးပေါင်းစစ်ဆေးရေးစခန်းတွင် HOWO အမျိုး အစားမော်တော်ယာဉ်ကို စစ်ဆေးရန်ရပ်တန့်ခိုင်းစဉ် ယာဉ်မောင်းမှာ ခုန်ချထွက်ပြေးသွားပြီး ဆက်လက်၍ ရှာဖွေရာ ဆာလဖျူရစ်အက်ဆစ် ၆၄၈၀ လီတာသိမ်းဆည်းရမိခဲ့သည်။
အလားတူ ယင်းနေ့မွန်းလွဲ ၁ နာရီက တပ်မတော်မှ မိုင်းဆတ်မြို့နယ်၊ စတုံးကျေးရွာအုပ်စု၊ မယ်ကြုပ်(၂) ကျေးရွာ-မယ်ကြုပ်(၁)ကျေးရွာသွားလမ်းဘေးရှိ လျှိုအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၇၅၂၀၊ အနံဆေးရည် ၂၀ဝ ဒသမ ၆ လီတာနှင့် အဖြူရောင်အနံမှုန့် ၅၆၇ ကီလို၊ မူးယစ်ဆေးဝါးထုတ်လုပ်ရာတွင် အသုံးပြုသည့် ဆက်စပ် ပစ္စည်းတို့ကိုသိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။
(ကိုရဲ)