မန္တလေး  ၄  ဇူလိုင် 

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ရေလှောင်တမံများနှင့် ရေလွှဲဆည်များမှ ရေသောက်ဧရိယာအတွင်းရှိသည့် ခရိုင်နှစ်ခုတို့တွင် စိုက်ပျိုးတောင်သူများအတွက် မိုးစပါးစိုက်ဧက ၈၁၇၄၄ ဧကကို ရေအပြည့်အဝရရှိရေး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးသန်းဦးက ပြောကြားသည်။ 

အဆိုပါ ရေလှောင်တမံများနှင့် ရေလွဲဆည်များမှ မန္တလေးခရိုင်နှင့် ပြင်ဦးလွင်ခရိုင်တို့ရှိ ရေသောက်ဧရိယာအတွင်း စိုက်ပျိုးသော မြို့နယ်များနှင့်ရေလှောင်တမံနှင့်ရေလွဲဆည်များမှပေးသော မိုးစပါးစိုက်ဧကများမှာ ဆည်တော်ကြီးရေလှောင်တမံမှ မတ္တရာမြို့နယ်တွင် မိုး စပါး ၄၁၉၅၂ ဧက၊ ပုသိမ်ကြီးမြို့နယ်တွင် မိုးစပါး ၂၁၇၁၄ ဧက၊ အမရပူရမြို့နယ်တွင် မိုးစပါး ၁၀၅၃၁ ဧက၊ ဆည်တော်လေးမှလည်း ပုသိမ်ကြီးမြို့နယ်တွင် မိုးစပါး ၁၄၁၆ ဧက၊ ကျောက်ဆည်လေးကန်မှလည်း မတ္တရာမြို့နယ်တွင် မိုးစပါး ၃၇၆ ဧကတို့ကို ရေပေးဝေသွားမည်ဖြစ်ကြောင်း၊ မာလဲနတ်တောင်ရေလှောင်တမံမှလည်း စဉ့်ကူးမြို့နယ်တွင် မိုးစပါး ၅၇၅၅ ဧကတို့ကို စိုက်ပျိုးရေများ ပေးဝေသွားမည်ဖြစ်ကြောင်း သိရသည်။ 

 

mdn

 

"ရေလှောင်တမန်နဲ့ ရေလွဲဆည်များမှ ရေသောက်ဧရိယာအတွင်း ခရိုင်နှစ်ခုရှိမြို့နယ်များမှ စိုက်ပျိုးတဲ့တောင်သူတွေရဲ့ သီးနှံတွေရေ အပြည့်ဝပေးဝေနိုင်အောင် ဆည်ရေသောက်စနစ်နဲ့ ဆောင်ရွက်ပေးသွားမှာပါ။ မိုးစပါးစိုက်ဧကများအတွက် ပျိုးထောင်ရေကို ယခုလတတိယပတ်မှစပြီးတော့ ပေးဝေသွားမှာပါ။ ဒီနှစ်က ယခင်နှစ်ထက်မတူပါဘူး မိုးရွာသွန်းမှုနည်းနဲ့အတွက် တောင်သူများအနေနဲ့ ရေကိုချွေတာသုံးဖို့လိုပါတယ်။ ဘာကြောင့်လည်းဆိုတော့ မိုးစပါးရေသောက်ပေးဖို့အတွက် ဆည်ရေတွေဟာနည်းနေပါတယ်။ အဲဒါကြောင့် တောင်သူတွေအနေနဲ့ မိမိတို့စိုက်ခင်းအတွက် အသုံးပြုမယ့် ရေတွေကို စည်းစနစ်တကျသုံးစွဲသွားဖို့လိုပါတယ်" ဟု ၎င်းက ပြောသည်။

ယင်းခရိုင်နှစ်ခုမှ ရေလှောင်တမံနှင့် ရေလွဲဆည်များမှ ဆည်ရေသောက်စနစ်ဖြင့် ရေပြည့်ဝစွာပေးဝေသွားမည့် မြို့နယ်အလိုက် မိုးစပါးစိုက်ဧကစုစုပေါင်းမှာ ၈၁၇၄၄ ဧကတို့ဖြစ်ပြီး ရေအပြည့်အဝရရှိရေးနှင့် စိုက်ပျိုးနိုင်ရေးအတွက် တောင်သူများ ရေအခက်အခဲမရှိစေရေးကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ မိုးစပါးစိုက်ပျိုးရန်  စိုက်ဧကများအတွက် ဆည်တော်ကြီးရေလှောင်တမံမှ ရေအပြည့်အဝပေးနိုင်ရေး ဆောင်ရွက်ရာတွင် ဆည်တော်ကြီးရေအမှတ် ၃၆၁ ဒသမ ၁ ပေနှင့် ရေသိုလှောင်သည့်ဧကပေမှာ ၉၀၉၉၀ ကို သိုလှောင်ထားကြောင်း၊ ထို့တူ မာလဲနတ်တောင်ရေလှောင်တမံမှလည်း ရေအမှတ် ၄၂၀ ပေနှင့် ရေသိုလှောင်သည့်ဧကပေမှာ ၁၀၆၀ဝ ကိုသိုလှောင်ထားကြ၍ ၎င်းတို့စိုက်ဧကများရှိ တောင်သူများအတွက် ရေအပြည့်အဝရရှိရေးနှင့် စိုက်ပျိုးနိုင်ရေးကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ 

အဆိုပါ ဆည်များမှ ဆည်ရေသောက်စနစ်ဖြင့် ယခုနှစ်နွေရာသီတွင် ခရိုင်နှစ်ခုဖြစ်သော မန္တလေးခရိုင်နှင့် ပြည်ဦးလွင်ခရိုင်တို့ရှိ ပုသိမ်ကြီးမြို့နယ်၊ အမရပူရမြို့နယ်၊ စဉ့်ကူးမြို့နယ်၊ မတ္တရာမြို့နယ်တို့တွင် နွေစပါးစိုက်ဧကစုစုပေါင်း ၆၈၄၇၇ ဧကကို စိုက်ပျိုးနိုင်ခဲ့ပြီး ရာခိုင်နှုန်းအနေဖြင့် ၉၉ ရာခိုင်နှုန်းစိုက်ပျိုးနိုင်ခဲ့ကြောင်း သိရသည်။ 

မင်းထက်အောင်(မန်းကိုယ်ပွား)

mdn