ပုသိမ် ၄  ဇူလိုင်  


ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၊ ချောင်းသာမြို့ ဥတိုချောင်းအနီး တောတွင်း၌ ဇူလိုင် ၃ ရက်နေ့ နံနက်ပိုင်းက ဆင်ပေါက်လေးတစ်ကောင် ရှေ့လက်တွင် ကြိုးစွပ်ဒဏ်ရာဖြင့် တွေ့ရှိရကြောင်း သတင်းရရှိခဲ့သဖြင့် ဆင်ဆရာဝန်၊ မြို့အုပ်ချုပ်ရေးမှူး၊မြန်မာသစ်လုပ်ငန်း၊ သစ်တောဝန်ထမ်းများ၊ သစ်တော ရဲတပ်ဖွဲ့၊ နယ်မြေရဲတပ်ဖွဲ့ဝင်တို့ပူးပေါင်းပါ ဝင်သောအဖွဲ့ဖြင့် တောနင်းရှာဖွေခဲ့ရာ ယင်းနေ့မွန်းလွဲပိုင်း ၁ နာရီခွဲအချိန်ခန့်၌ ဥတိုချောင်းနံဘေးတွင် တွေ့ရှိဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။

 

1


“ ဖမ်းမိတဲ့ ဆင်ပေါက်လေးက ဆင်မလေးဗျ နှစ်လခွဲသားလောက် ပဲရှိသေးတယ် ဒေသခံတွေက တောထဲမှာ ဂျီတို့ တောဝက် တို့ကို ကိုင်းထောင်ထားတာ ဆင်အုပ်လိုက်လာတော့ အခုဆင်ပေါက်လေးရှေ့ဝဲဘက် လက်ကိုကြိုးက စွပ်မိသွားတာ ကိုင်းကနေလွတ်အောင်ရုန်းကန်နေရင်း သူ့အမေကထားခဲ့လို့ကျန်နေခဲ့တာပါ လက်မှာကြိုး ကစွပ်ထားတော့ ရုန်းလေအသားထဲနစ်လေဖြစ်ပြီး ဒဏ်ရာရသွားတာ အခုတော့ ချောင်းသာသစ် တော ရိပ်သာမှာ ဒဏ်ရာကိုဆေးကုပေးရင်း ထိန်းသိမ်းစောက်ရှောက်ပေးနေပါတယ်” ဟု ဆင်ဆရာဝန် ဒေါက်တာ လင်းလင်းထွန်း က ပြောကြားသည်။ 

 

1


ဒေသခံများအနေဖြင့် တောရိုင်းတိရစ္ဆာန်များအား ထိန်းသိမ်းစောက်ရှောက်သင့်ပြီး တောရိုင်းတိရစ္ဆာန်များသည် လူသားများကို အကျိုးပြုနေသည့်အတွက် သစ်တောဥပဒေတွင် ပါဝင်သည့် အမဲလိုက်ခွင့် စည်းကမ်းများကို နားလည် သဘောပေါက်စေရန် ပညာပေးဟောပြောမှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဒေါက်တာလင်းလင်းထွန်း ကဆက်လက် ပြောကြားသည်။ 


ကိုလွင်(ဆွာ)