ညောင်ရွှေ ၅ ဇူလိုင်
ညောင်ရွှေမြို့၏ အမှိုက်သိမ်းဆည်းရေးစနစ်အတွက် အထောက်အကူပြုစေမည့် အမှိုက်မီးရှို့စက် ပေးအပ်လှူဒါန်းခြင်း အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက တိလောကျေးရွာအုပ်စုရှိ မင်းပုန်းတောင်ခြေရှိ ကွင်းပြင်၌ ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် အင်းသားတိုင်ရင်းသားရေးရာဝန်ကြီး ဒေါက်တာထွန်းလှိုင်နှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးနေမျိုးတို့က အမှာစကား အသီးသီး ပြောကြားပြီး အင်းလေးအနာဂတ် ဖွံ့ဖြိုးရေး အများပိုင်ကုမ္ပဏီလီမိတက် တာဝန်ရှိသူတစ်ဦးက စက်လှူဒါန်းရခြင်း အကြောင်းကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် အင်းလေးနှင်းဆီ အမှိုက်သိမ်းဆည်းရေးကုမ္ပဏီ တာဝန်ရှိသူတစ်ဦးက အင်းလေးနှင်းဆီကုမ္ပဏီအကြောင်းနှင့် ဆောင်ရွက်နေသည့်လုပ်ငန်းများ၊ ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအကြောင်းကို ရှင်းလင်းပြောကြားပြီး အင်းလေးအနာဂတ် ဖွံ့ဖြိုးရေး အများပိုင်ကမ္ပဏီလီမိတက် တာဝန်ရှိသူများက အမှိုက်မီးရှို့စက်နှင့် သက်ဆိုင်သည့် စာရွက်စာတမ်းများကို လွှဲပြောင်းပေးအပ်လှူဒါန်းရာ အင်းသားတိုင်ရင်းသားရေးရာဝန်ကြီး ဒေါက်တာထွန်းလှိုင် က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း မြို့နယ်ပြန်/ဆက်မှ သိရှိရသည်။
MDN


