ဆီဆိုင် ၅ ဇူလိုင်
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ လွယ်ပွတ်ကျေးရွာအုပ်စု၊ ကောင်ဝါးတောင်ကျေးရွာတွင် ကျွဲ(၉)ကောင်၊ နွား(၅)ကောင် သေဆုံးပြီး တချို့ ကျွဲ၊ နွားများတွင် ရောဂါဖြစ်ပွား လျက်ရှိ ကြောင်း ဇူလိုင် ၅ ရက်နေ့တွင် လွယ်ပွတ်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးထံမှ သိရသည်။
“ဘာရောဂါလဲတော့ မသိဘူး။ အစာမစားဘူး၊ ဗိုက်ဖောင်းတယ်၊ ပါးစပ်အမြုပ်ထွက်တယ်၊ အသက်ရှုကျပ်တယ် ရွာကဆရာနဲ့ ဆေးကုတယ် ဆေးထိုးပြီး တစ်နာရီခန့်ကြာ သက်သာလာပေမယ့် တစ်ရက် နှစ်ရက်လောက်နေပြီး ပြန်ဖြစ်တယ်။ တချို့ ကျွဲ၊ နွားကတော့ ရောဂါပြင်းထန်ပြီး သေဆုံးသွားတဲ့ ကျွဲ၊ နွားလည်းရှိသလို ပြန်ကောင်းတဲ့ ကျွဲ၊ နွားလည်းရှိကြောင်း၊ ယနေ့အထိကတော့ ကျွဲ (၉)ကောင်၊ နွား(၅)ကောင် သေဆုံးပြီး၊ တချို့ ကျွဲ၊ နွားလည်း ရောဂါဖြစ်ပွားလျက်ရှိပါတယ်” ဟု လွယ်ပွတ်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးခင်မောင်က ပြောသည်။
“သေဆုံးသွားတဲ့ ကျွဲ၊ နွား တို့သည် ကျွဲ၊ နွားပိုင်ရှင်က တစ်ချို့ ကျွဲ၊ နွားတွေ ရောဂါကူးစက်သွားမည်ကို စိုးရိမ်သောကြောင့် ရွာအပြင်ဘက်မှာ သေသေချာချာသွားမြှုပ်ခဲ့ပေမယ့် တချို့သော ရွာသူ/ရွာသားတို့က ကျွဲ၊ နွားရောဂါအကြောင်းကို ကောင်းကောင်းမသိကြလို့ ခိုးတူးဖော်ပြီး အသားဖော်စားတဲ့သူလဲရှိကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။
အဆိုပါကောင်ဝါးတောင် ကျေးရွာတွင် အိမ်ခြေ(၁၈၀)ခန့်၊ လူဦးရေ(၉၀ဝ)ဦးခန့်ရှိပြီး ကျွဲ၊ နွားကောင်ရေ (၃၀ဝ)ခန့် ရှိကြောင်း ကျွဲ၊ နွား ရောဂါဖြစ်ပွားမှုနှင့် ပတ်သက်၍ မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနသို့ ဆက်သွယ်ထားကြောင်း သိရသည်။
ခွန်ရဲထွေး(ဆီဆိုင်)


