ရန်ကုန်  ၅  ဇူလိုင်

မြန်မာနိုင်ငံကြက်ခြေနီအသင်းကို ခေတ်စနစ်နှင့်မကိုက်ညီတော့သည့် ဥပဒေဆိုင်ရာများကို ပြင်ဆင်နိုင်ရန်နှင့်  ဥပဒေပြဋ္ဌာန်းအတည်ပြုပြီးပါက ညီလာခံခေါ်ယူ၍ ရွေးချယ်တင်မြှောက်ပွဲ လုပ်ဆောင်သွားရန် အစီအစဉ်ရှိကြောင်း မြန်မာနိုင်ငံကြက်ခြေနီ အသင်းဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာဒေါ်မြသူက  ပြောသည်။

ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ စင်ထရယ်ဟိုတယ်၌ကျင်းပသည့် မြန်မာနိုင်ငံကြက်ခြေနီအသင်း ဥပဒေပြင်ဆင်ချက် နည်းဥပဒေ(မူကြမ်း)နှင့် ကြက်ခြေနီလှုပ်ရှားမှုများအကြောင်း ရှင်းလင်းပွဲတွင် အသင်း ဥက္ကဋ္ဌက ထိုသို့ ပြောကြားခြင်းဖြစ်သည်။

“ကြက်ခြေနီလုပ်ငန်းတွေကို ပိုပြီးထိထိရောက်ရောက် အောင်အောင်မြင်မြင် လုပ်နိုင်ဖို့ နိုင်ငံတော်ရဲ့ လိုအပ်ချက်နဲ့အညီ ဥပဒေကို ပြင်ဆင်ဖွဲ့စည်းထားပြီး ကျင့်သုံးနိုင်ဖို့ ကြိုးစားနေပါတယ်။ မကြာခင် ကြက်ခြေနီ ညီလာခံကို ကျင်းပပြီး ဖွဲ့စည်းပုံတွေ ပြောင်းလဲသွားမှာပါ။ တကယ်တမ်းက လူမှုကရုဏာ အဖွဲ့အစည်းဖြစ်ပြီး နိုင်ငံတော် အစိုးရနဲ့လည်း လက်တွဲပါတယ်။  ပြည်သူတွေအတွက် ဆောင်ရွက်နေတာဖြစ်လို့ ကြက်ခြေနီအကြောင်းကို ပိုမိုနားလည်နိုင်ပြီး ပူးပေါင်းပါဝင်ကြရင် ရည်မှန်းချက်တွေ၊ လုပ်ငန်းတွေ အောင်မြင်မယ်ဆိုတာ ယုံကြည်ပါတယ်”ဟု ၎င်းက ပြောသည်။

ဥပဒေပြင်ဆင်ချက်တွင် အချက်ရှစ်ချက်ပါဝင်ကာ အဓိကအားဖြင့် ရှေးဦးလူနာပြုစုခြင်းကို အမျိုးသားအဆင့် စီမံကိန်းများချမှတ်၍ ကျယ်ကျယ်ပြန့်ပြန့် ထည့်သွင်းမည်ဖြစ်ကြောင်း၊ ထို့ပြင် အခြေခံပညာ ကျောင်းများ၌ ကြက်ခြေနီစိတ်ဓာတ်ကို ကျောင်းသားလူငယ်လေးများအကြား ကိန်းအောင်း သက်ဝင်သွား ရန်အတွက် အသင်းခွဲအဖြစ် ထည့်သွင်းမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံကြက်ခြေနီအသင်း အဖွဲ့အစည်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးဌာန ညွှန်ကြားရေးမှူး ဒေါက်တာလင်းလင်းသက်က “လူမှုကရုဏာလုပ်ငန်းတွေ လုပ်တဲ့အခါ ICRC၊ IFRC၊ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းနှင့် မိတ်ဖက်အဖွဲ့အစည်းတွေ ပူးပေါင်းပြီး လုပ်ဆောင်တဲ့အဖွဲ့အစည်းကို ကြက်ခြေနီလှုပ်ရှားမှုလို့ ခေါ်ပါတယ်။ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းအနေနဲ့ မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး လူမှုကရုဏာလုပ်ငန်းတွေ၊ ကျန်းမာရေး မြှင့်တင်ခြင်းလုပ်ငန်းတွေ၊ ဘေးအန္တရာယ်ဆိုင်ရာ တုံ့ပြန်မှုတွေ ကြိုတင်ကာကွယ်တားဆီးမှုတွေ၊ ရှေးဦးပြုစုခြင်း သင်တန်းတွေ၊ စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးမှုသင်တန်းတွေ အားလုံးပူးပေါင်းလုပ်ဆောင်တာကိုလည်း ကြက်ခြေနီလှုပ်ရှားမှုလို့ ပြောရမှာပါ။ ပဋိပက္ခတွေဖြစ်ပွားရင် ICRC နဲ့ပူးပေါင်းတယ်။ သဘာဝဘေးအန္တရာယ်လုပ်ငန်းတွေ ဆိုရင်လည်း IFRC နဲ့ ပူးပေါင်းလုပ်ဆောင်ပါတယ်။ တိကျကောင်းမွန်တဲ့ နည်းလမ်းတွေကို စနစ်တကျဖော်ထုတ်ပြီး ပြည်သူ့လိုအပ်ချက်တွေကို အစိုးရအဖွဲ့နဲ့ပူးပေါင်းဆောင်ရွက် ဖြည့်ဆည်းနေပါတယ်”ဟု ပြောသည်။

မြန်မာနိုင်ငံကြက်ခြေနီအသင်းကို  ၁၉၅၇ ခုနှစ်မှစ၍ နိုင်ငံတော်က မြန်မာနိုင်ငံ ကြက်ခြေနီအသင်း အက်ဥပဒေဖြင့် ဥပဒေပြဋ္ဌာန်း ဖွဲ့စည်းပေးခဲ့သည်။  ထို့ပြင် လူမှုကရုဏာ လုပ်ငန်းနယ်ပယ်များ၌ နိုင်ငံတော်၏ အရန်အင်အားအဖြစ် လွတ်လပ်စွာ စေတနာအလျှောက် ကူညီဆောင်ရွက်ပေးသော အသင်းတစ်ရပ်ဖြစ်ကာ နိုင်ငံတော်က ထုတ်ပြန်ထားသော ဥပဒေများနှင့်အညီ ဂျီနီဗာ သဘောတူညီချက်များ၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့် လခြမ်းနီညီလာခံက အတည်ပြုသော လှုပ်ရှားမှုဆိုင်ရာ အခြေခံမူများ၊ မူဝါဒများ၊ ဆုံးဖြတ်ချက်များနှင့်အညီ အမြဲတမ်းလိုက်နာဆောင်ရွက်လျက်ရှိသည်။

သတင်း - မြတ်စန္ဒီ
ဓာတ်ပုံ - ရဲထွဋ်