ရန်ကုန် ၅ ဇူလိုင်
မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီအနေဖြင့် နိုင်ငံတကာအဆင့် အင်ဂျင်နီယာပညာရေး အသိအမှတ်ပြုခံရရေးကို ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း လမ်းမတော်မြို့နယ် မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီရုံးတွင် ယနေ့ကျင်းပသော သတင်းစာရှင်းလင်းပွဲမှ သိရသည်။
အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ ဥက္ကဋ္ဌ ဒေါက်တာချာလီသန်းက အဖွင့်အမှာစကား ပြောကြားပြီး အင်ဂျင်နီယာ အထူးပြုဘာသာရပ်ဆိုင်ရာ အရည်အသွေး စိစစ်အသိအမှတ်ပြုရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ဒေါက်တာဇော်မင်းအောင်က ကော်မတီ၏ ဖြစ်ပေါ်တိုးတက်မှု အခြေအနေများ အကြောင်းကို ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် အပြည်ပြည်ဆိုင်ရာနှင့် ပြည်သူ့ဆက်ဆံရေးလုပ်ငန်း ကော်မတီ ဥက္ကဋ္ဌ ဦးကိုကိုအောင်က မြန်မာနိုင်ငံအင်ဂျင်နီယာ ပညာရေးနှင့် မှတ်ပုံတင်လက်မှတ်ရ အင်ဂျင်နီယာများ၏ အလားအလာကောင်းများနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့သည်။
“ကျွန်တော်တို့ရဲ့ အင်ဂျင်နီယာ အရည်အသွေးဟာ စခဲ့တာဆိုရင် ၂၀ဝ၄ ကတည်းက စခဲ့တာပေါ့နော်။ အခု ၂၀၁၉ ခုနှစ် ဇွန်လအတွင်းမှာတော့ ထူးခြားတဲ့ မှတ်တိုင်နှစ်ခုဖြစ်ခဲ့ပါတယ်။ တစ်ခုကတော့ အင်ဂျင်နီယာ ပညာရေး အရည်အသွေးအာမခံမှုဆိုင်ရာ လုပ်ငန်းစဉ်ကို ဒေသတွင်းမှာ အသိအမှတ်ပြုခံရပါတယ်။ အဲဒီဒေသက အာရှ-ပစိဖိတ် ဒေသတွင်းပါ။ သူတို့အဖွဲ့အစည်းနာမည်က ဖီးယက်လို့ ခေါ်ပါတယ်။ အာရှနဲ့ ပစိဖိတ်ဒေသတွင်းမှာရှိတဲ့ အင်ဂျင်နီယာအဖွဲ့အစည်းတွေရဲ့ အသင်းချုပ်လို့ ပြောလို့ရတာပေါ့။ သူတို့ရဲ့ စံချိန်စံညွှန်းတွေ၊ လုပ်ထုံးလုပ်နည်းတွေ ကိုက်ညီတယ်ဆိုပြီး အသိအမှတ်ပြုတာ ခံရပါတယ်။ နောက်တစ်ခုက နိုင်ငံတကာ ဝါရှင်တန် သဘောတူညီချက်ဆိုင်ရာ အင်ဂျင်နီယာ မဟာမိတ်အဖွဲ့ဆိုတာ ရှိပါတယ်။ အဲဒီအဖွဲ့က ဒီနှစ်မှာတော့ ကျွန်တော်တို့ကို ယာယီအဖွဲ့ဝင်အဖြစ် လက်ခံလိုက်ပါတယ်” ဟု ဒေါက်တာဇော်မင်းအောင်က ပြောကြားသည်။
မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီ၏ စိစစ်သောလုပ်ငန်းစဉ်၊ စံချိန်စံညွှန်းများကို ထိုသို့ အသိအမှတ်ပြုလိုက်သည့်အတွက် မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီတွင် လာရောက်လျှောက်ထားသော အင်ဂျင်နီယာ ဘာသာရပ်ဆိုင်ရာများအား စိစစ်အသိအမှတ်ပြုပြီးပါက ဒေသတွင်းသာမက နိုင်ငံတကာ၌ပါ တန်းတူညီမျှ အခွင့်အရေး ရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီသည် ၂၀၁၃ ခုနှစ်၊ နိုဝင်ဘာ ၂၈ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၃၇ ဖြင့် အတည်ပြုပြဋ္ဌာန်းခဲ့သော မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီ ဥပဒေနှင့်အညီ ဖွဲ့စည်းပြီးနောက် ပထမအကြိမ် အာဆီယံနိုင်ငံများ၏ အပြန်အလှန် အသိအမှတ်ပြုမှု အစီအစဉ်အရ အာဆီယံဒေသတွင်းအဆင့်၊ ဒုတိယ အာရှ-ပစိဖိတ်ဒေသတွင်းအဆင့်နှင့် အပြည်ပြည်ဆိုင်ရာ အဆင့်အထိ တက်လှမ်းနိုင်ရန် ရည်မှန်းချက်ထား ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသိုအပြန်အလှန် အသိအမှတ်ပြုရေး အစီအစဉ်တွင် အင်ဂျင်နီယာပညာရေးနှင့် မှတ်ပုံတင်လက်မှတ်ရ အင်ဂျင်နီယာများ အချင်းချင်းအပြန်အလှန် နယ်စပ်ဖြတ်ကျော် ဆောင်ရွက်ခွင့်ပြုရေးတို့ပါဝင်ပြီး သတ်မှတ်ချက်များ၊ စံနှုန်းများပြည့်မီအောင် မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီအနေဖြင့် ကြိုးစားဖြည့်ခဲ့ ကြောင်း သိရသည်။ ယင်းသို့ဆောင်ရွက်ရာတွင် နည်းပညာတက္ကသိုလ်များ၏ ဘွဲ့သင်တန်းများ၊ စိစစ်အသိအမှတ်ပြုရေးဆိုင်ရာလုပ်ငန်းများ၊ Awareness training နှင့် workshop များ၊ အင်ဂျင်နီယာများ ၏ အရည်အချင်း အရည်အသွေး ပြည့်ဝမှုဆိုင်ရာလုပ်ငန်းများနှင့် training workshop များ၊ တွေ့ဆုံဆွေးနွေးပွဲများ မြောက်များစွာကျင်းပ၍ စနစ်ကျအောင် မဟာဗျူဟာစီမံချက်များ ချမှတ်ခဲ့ပြီး နိုင်ငံတကာ အဖွဲ့အစည်းများတွင် နိုင်ငံကိုယ်စားပြု အဖွဲ့ဝင်အဖြစ် ပူးပေါင်းဆောင်ရွက်ခဲ့သည်။
မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီ၏ ကြိုးပမ်းချက် ပထမအဆင့်အနေဖြင့် ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ ၂၃ ရက်နေ့၌ Palawan Philippine တွင် ကျင်းပသော FEIAP အဖွဲ့ကြီးမှ ပထမအဆင့် အသိအမှတ်ပြု ထုတ်ပြန်ပေးခဲ့သည်။ ဒုတိယအနေဖြင့် ၂၀၁၉ ခုနှစ် ဇွန်လ ၁၀ ရက်နေ့တွင် စတင်ကျင်းပသော IEA စုံညီအစည်းအဝေးကြီးက မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီအား Provisional Signatory Status အတည်ပြုကြေညာ ခြင်းခံရသည်။ တတိယအနေဖြင့် ၂၀၁၉ ခုနှစ် ဇွန်လ ၂၈ ရက်နေ့မှ ၃၀ ရက်နေ့အထိ ကျင်းပသော FEIAP စုံညီ အစည်းအဝေးမှ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီကို ဒုတိယအဆင့် အသိအမှတ်ပြုကြောင်း ထုတ်ပြန်ကြေငြာခဲ့သည်။
ယခုအခါ မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီ၏ ကြိုးပမ်းမှုအရ အာဆီယံနိုင်ငံများ ဒေသတွင်းအဆင့် ACPE လက်မှတ်များ၊ RFPE လက်မှတ်များ ထုတ်ပေး၍ အပြန်အလှန် အသိအမှတ်ပြု ချိတ်ဆက်ဆောင်ရွက်လျက် ရှိကြောင်း၊ Washington Accord တွင် Full Signatory Statusအဆင့်ရရှိပါက နိုင်ငံတကာအဆင့် အင်ဂျင်နီယာပညာရေး အသိအမှတ်ပြုခံရရေးကို ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထင်ပေါ်ဝင်း(ကမာရွတ်)၊ ဓာတ်ပုံ - ထိန်လင်း


