မန္တလေး ၅ ဇူလိုင်
ပညာရေးတွင်ထူးချွန်ပြီး ပညာဆက်လက်သင်ကြားရန် အခက်ခဲရှိသည့် မန္တလေးတိုင်းအတွင်းက ယာဉ်လုပ်သားများ၏ သား၊ သမီးများအား ထောက်ပံ့ကူညီနိုင်မည့် ဖောင်ဒေးရှင်းတစ်ခုကို ယာဉ်လုပ်ငန်းများ ကြီးကြပ်မှုကော်မတီ (အဝေးပြေး) ရုံးတွင် ယနေ့စတင်ဖွင့်လှစ်ခဲ့သည်။
မန္တလေးတိုင်းအတွင်းရှိ ယာဉ်မောင်း၊ ယာဉ်နောက်လိုက် စသည့်ယာဉ်လုပ်သားများတွင် တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီး ပညာဆက်လက်သင်ကြားရန် အခက်ခဲရှိသူများကို ယခုဖွင့်လှစ်သည့် ဖောင်ဒေးရှင်းမှ ကူညီထောက်ပံ့သွားမည်ဖြစ်သည်။
‘ဇူလိုင်လ ၄ ရက် ၂၀၁၈ ကနေပြီးတော့ ဝန်ကြီးဆီ ခွင့်ပြုမိန့်တောင်းခဲ့တယ်။ ဇူလိုင်လ ၅ ရက် ၂၀၁၉ မှာစတင်ပြီး ဖွင့်လှစ်နိုင်ခဲ့တာဖြစ်ပါတယ်။ ယာဉ်လောကမှာ စားဝတ်နေရေး အခက်ခဲရှိတာ တွေရှိမယ်။ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်၊ ယာဉ်လုပ်သားတွေရဲ့ သားသမီးတွေကို အမှန်တကယ် ပညာရေးမှာ ချို့တဲ့တဲ့ သားသမီးတွေကို အဓိကထားပြီးကူညီဆောင်ရွက်မယ်’ ဟု မန္တလေးတိုင်းဒေသကြီး ယာဉ်လုပ်ငန်းများကြီးကြပ်မှုကော်မတီ (အဝေးပြေး) ဥက္ကဋ္ဌ ဦးအောင်ကျော်လင်းက ပြောသည်။
အဆိုပါဖောင်ဒေးရှင်းမှ ပညာသင်ထောက်ပံ့ကြေးရလိုသူများသည် ယာဉ်အသင်း၏ ထောက်ခံချက်၊ ရပ်ကွက်ထောက်ခံချက်များ လိုအပ်မည်ဖြစ်ကြောင်း သိရသည်။ ယာဉ်လုပ်ငန်းများ ကြီးကြပ်မှု ကော်မတီတွင် အသင်းသား ၆၀ဝ ကျော်နှင့် ကားအစီးပေါင်း သောင်းဂဏန်းရှိကြောင်း သိရသည်။
မန္တလေးတိုင်းဒေသကြီး ယာဉ်လုပ်ငန်းများ ကြီးကြပ်မှုကော်မတီသည် တက္ကသိုလ်ဝင်တန်း ဖြေဆိုရာတွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် ယာဉ်လုပ်သားများ၏ သား၊ သမီးများအား နှစ်စဉ် ဆုချီးမြှင့်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင်တန်းစာ မေးပွဲအောင် မြင်ခဲ့သည့် ကျောင်းသူ၊ ကျောင်းသား ၁၉၇ ဦးကို ဆုချီးမြှင့်ပေးခဲ့သည်။
ရိုးရိုးအောင် ကျောင်းသားတစ်ဦးကို ငွေကျပ် တစ်သိန်းတစ်သောင်းနှုန်း ချီးမြှင့်ခဲ့ပြီး ဂုဏ်ထူး တစ်ဘာသာပါတိုင်း ငွေနှစ်သောင်းကျပ် တိုးမြှင့်ချီးမြှင့်ခဲ့ကာ ဂုဏ်ထူး ၅ ဘာသာပါသည့် ကျောင်းသားကို အပိုဆုငွေ ၅ သောင်းကျပ်၊ ဂုဏ်ထူးခြောက်ဘာသာပါသည့် ကျောင်းသားကို အပိုဆုငွေ တစ်သိန်းကျပ် ဆုချီးမြှင့်ခဲ့ကြောင်းသိရသည်။
အိမို့မို့ခိုင်


