နေပြည်တော် ၅ ဇူလိုင်
ပဋိပက္ခအတွင်းအမျိုးသမီးများအား အကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင် ရွက်ရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၂/၂၀၁၉)ကို ယနေ့မွန်းလွဲပိုင်းတွင် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက မိမိတို့နိုင်ငံသည် အမျိုးသမီးများနှင့် ပတ်သက်လျှင် ပဋိပက္ခများအတွင်း အကြမ်းဖက်မှုကိစ္စများ သာမကဘဲ အမျိုးသမီးများ၏ အခွင့်အရေးများကို ဖော်ဆောင်ပေးလျက်ရှိပါကြောင်း၊ ကမ္ဘာ့နိုင်ငံ အသီးသီးက လူ့အခွင့်အရေးနှင့်ပတ်သက်၍ တင်သွင်းသည့် အစီရင်ခံစာများတွင် မိမိတို့နိုင်ငံကလည်း ပါဝင်ဆောင်ရွက်လျက်ရှိပါကြောင်း၊ အမျိုးသမီးများနှင့် ပတ်သက်၍ တုံ့ပြန်ကာကွယ် ဆောင်ရွက်ရာတွင် လိုအပ်သည့် မူဝါဒစံနှုန်းများဖြင့် အကောင်းဆုံး ဆောင်ရွက်လျက်ရှိပါကြောင်း၊ လုပ်ငန်းစီမံချက်ထွက်ပေါ်လာရန် နိုင်ငံတော်ကအမျိုးသားအဆင့် ကော်မတီကိုဖွဲ့စည်းခဲ့ပြီး ပထမအကြိမ်အစည်းအဝေးကို ဧပြီ(၃)ရက်တွင် ကျင်းပခဲ့ပါကြောင်း၊ အစည်းအဝေး ဆုံးဖြတ်ချက်အရ ရေးဆွဲထားသည့် လုပ်ငန်းစီမံချက် (မူကြမ်း)အပေါ် ဌာနဆိုင်ရာ အသီးသီး၏ သဘောထား မှတ်ချက်များ စုံလင်အောင်စုစည်းပြီး ဒုတိယအကြိမ် အစည်းအဝေးကို ယနေ့ကျင်းပရခြင်းဖြစ်ပါ ကြောင်း။
အမျိုးသားအဆင့်ကော်မတီ ပထမအကြိမ်အစည်းအဝေး ဆုံးဖြတ်ချက်အရ လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဆောင်သော လုပ်ငန်းကော်မတီကို သက်ဆိုင်ရာဌာနများမှ ညွှန်ကြားရေးမှူးများဖြင့် ဖွဲ့စည်းထားရှိပြီးဖြစ်ပါကြောင်း၊ လုပ်ငန်းကော်မတီ၏ လုပ်ငန်းတာဝန်များကိုလည်း သတ်မှတ်ခဲ့ပြီးဖြစ်ပါ ကြောင်း၊ သက်ဆိုင်ရာဌာန/အဖွဲ့အစည်းများက ပေးပို့လာသည့် သဘောထားမှတ်ချက်များနှင့်အညီ ပြင်ဆင်ထားသည့်လုပ်ငန်းစီမံချက်(မူကြမ်း)အပေါ် ဖြည့်စွက် သင့်သည့်အချက်များ၊ နဂိုရှိပြီးသားမှထုတ်ပယ်သင့်သည့်အချက်များ၊ ထပ်မံထည့်သွင်းရန် ဆွေးနွေးခြင်းများကို တက်ရောက် လာသူများအနေဖြင့် ဆောင်ရွက်ပေးကြစေလိုပါကြောင်း၊ ခရီးစဉ်အတွင်း Joint Communiqueလုပ်ငန်းစီမံချက်ရေးဆွဲရာတွင် လိုအပ်သည့် အကူအညီပေးရန် နေပြည်တော်ရှိ ကုလသမဂ္ဂအထူးကိုယ်စားလှယ်ရုံးနှင့် UN Country Team တို့အနေဖြင့် မြန်မာအစိုးရနှင့်ပူးပေါင်း ဆောင်ရွက်မည်ဖြစ်ပါကြောင်း၊ ကုလသမဂ္ဂဌာနေညှိနှိုင်းရေးမှူးရုံး၏ ပံ့ပိုးမှုဖြင့် UNFPA က ကုလသမဂ္ဂ၏ Focal Point အဖြစ် ဆောင်ရွက်သွားမည်ဟု သိရှိရပါ ကြောင်း၊ အစိုးရက ဦးဆောင်သော လုပ်ငန်းစီမံချက်ရေးဆွဲရေးလုပ်ငန်းစဉ်တွင် ကုလသမဂ္ဂဘက်မှလည်း အကူအညီအကြံဉာဏ်များ ရယူသွားနိုင်ရေးအတွက် ကော်မတီကဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အစည်းအဝေးတက်ရောက်လာသူများအနေဖြင့် မိမိတို့၏ အမြင်သဘောထားများကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးပေးစေလိုပါကြောင်း ပြောကြားသည်။
ယင်းနောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်လာကြသော ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး ဒုတိယရှေ့နေချုပ်၊ ကော်မတီအဖွဲ့ဝင်များ၊ အမြဲတမ်း အတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့်တာဝန်ရှိသူများက သက်ဆိုင်ရာဌာန/ အဖွဲ့အစည်း များမှပေးပို့လာသည့် သဘောထားမှတ်ချက်များနှင့်အညီ ပြင်ဆင်ထားသည့် လုပ်ငန်းစီမံချက် (မူကြမ်း)အပေါ်ဖြည့်စွက်သင့်သည့်အချက်များ၊ နဂိုရှိပြီးသားမှ ထုတ်ပယ်သင့် သည့်အချက်များ၊ ထည့်သွင်းဆောင်ရွက်သင့်သည့်အချက်များအား အကြံပြုညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်


