ကမ္ဘာကြီးတွင် လူအများအပြား သေကျေပျက်စီးသော ကမ္ဘာစစ်မီးကြီး ပြီးဆုံးပြီးနောက် ကမ္ဘာ့နိုင်ငံများတွင် ပြည်တွင်း ပဋိပက္ခများ ဆက်လက်ဖြစ်ပွားခဲ့သည်။ ကမ္ဘာ့နိုင်ငံများတွင် စစ်ကြီးပြီးဆုံးသည်နှင့် မိမိတို့နိုင်ငံကို မိမိတို့ တက်ညီလက်ညီ ပြန်လည်ထူထောင်ကြသော ဖွံ့ ဖြိုးတိုးတက် သောနိုင်ငံများ၊ စစ်ကြီးပြီးဆုံးပြီး ကာလ တစ်ခု၌ ငြိမ်းချမ်းရေး တည်ဆောက်ပြီး ဖွံ့ဖြိုးတိုးတက်လာသောနိုင်ငံများနှင့် စစ်ကြီးပြီးဆုံး ပြီးနောက် ယနေ့ထက်တိုင် မငြိမ်းချမ်းသေးသော မဖွံ့ဖြိုးသည့်နိုင်ငံများ ဟူ၍ရှိသည်။
ကမ္ဘာစစ်ကြီးပြီးဆုံးပြီးနောက် တစ်ဆက်တစ်စပ်တည်း မငြိမ်းချမ်းသောနိုင်ငံများမှာ အတော်ရှားလှပါသည်။ နှစ်ပေါင်းများစွာ မငြိမ်းချမ်းသောကြောင့် တိုင်းပြည် မဖွံ့ဖြိုးသည်မှာ ဖြစ်နိုင်ပါသည်။ ပြည်တွင်းပဋိပက္ခ၊ စစ်ပွဲများကြောင့် ရွှေ့ပြောင်းနေထိုင်ရမှုများနှင့် ဒုက္ခသည်ပြဿနာများ၊ အခြေခံအဆောက်အဦများ ပျက်စီးမှုများ၊ ဒေသခံပြည်သူများ ချွတ်ခြုံကျမှုများ ရှိနေပါသည်။
တစ်ဆက်တည်းတွင် ဆင်းရဲမွဲတေမှု၊ ကျန်းမာရေး၊ ပညာရေး နိမ့်ကျမှု၊ မွေးကင်းစကလေးငယ်များသေဆုံးမှု၊ သက်ကြီးရွယ်အို၊ အမျိုးသမီးနှင့် ကလေးငယ်များ မလုံခြုံမှု စသည့်ဆိုးကျိုးများ ခံစားနေရပါသည်။
ဖော်ပြပါ ဆိုးကျိုးများသည် ပြည်တွင်းပဋိပက္ခ၊ စစ်ပွဲများကြောင့် ဖြစ်ပေါ်နေသော ပြဿနာများဖြစ်ပြီး အဆိုပါ ဆိုးကျိုးများ၊ အနိဋ္ဌာရုံများ မဖြစ်ပေါ်စေရေးအတွက် တစ်ခုတည်းသောနည်းလမ်းမှာ ငြိမ်းချမ်းရေး တည်ဆောက် ခြင်းပင် ဖြစ်သည်။ ငြိမ်းချမ်းရေးတည်ဆောက်ရန်အတွက် မဖြစ်မနေဆောင်ရွက်ရမည့် ပထမဆုံး နည်းလမ်းမှာ အပစ်အခတ် ရပ်စဲရေး ပင်ဖြစ်သည်။ အပစ်အခတ်ရပ်စဲခြင်းဖြင့် ငြိမ်းချမ်းခြင်း၊ ဖွံ့ဖြိုးတိုးတက်ခြင်း တို့ကို ဆောင်ကြဉ်းနိုင်မည်ဖြစ်သည်။
မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ဖော်ဆောင်နိုင်ရန် အတွက် တပ်မတော်အနေဖြင့် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်နယ်မြေ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေ၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် နယ်မြေ၊ အရှေ့ အလယ်ပိုင်း တိုင်းစစ်ဌာနချုပ်နယ်မြေနှင့် တြိဂံဒေသတိုင်း စစ်ဌာနချုပ် နယ်မြေများတွင် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်မှ ၂၀၁၉ ခုနှစ် ဧပြီလ ၃၀ ရက်အထိ စစ်ရေးဆိုင်ရာလှုပ်ရှား မှုများ အားလုံးကို ရပ်ဆိုင်းပေးခဲ့သည်။
တစ်ဆက်တည်းတွင် မေလ ၁ ရက်မှ ဇွန်လ ၃၀ ရက်အထိ စစ်ရေး ဆိုင်ရာလှုပ်ရှားမှုများကို ဆက်လက် ရပ်ဆိုင်း ပေးခဲ့သည်။ ထိုကဲ့သို့ စစ်ရေး ဆိုင်ရာလှုပ်ရှားမှုများအား ရပ်ဆိုင်းပေးထားသည့်ကာလ အတွင်း၌ ငြိမ်းချမ်း ရေးလုပ်ငန်းစဉ်များကို စဉ်ဆက်မပြတ် ဆွေးနွေးဆောင်ရွက်နိုင်ခဲ့သည်။ ထိုကဲ့သို့ အခြေအနေကောင်းများ ရရှိနေချိန်တွင် တပ်မတော်အနေဖြင့် ဒေသခံတိုင်းရင်းသားပြည်သူများ၏ ငြိမ်းချမ်းရေးအပေါ်တွင် မျှော်လင့် ချက်၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် များတွင် ပါဝင်ပတ်သက်နေသည့် အဖွဲ့ အစည်းအားလုံး ငြိမ်းချမ်းရေး လုပ်ငန်း စဉ်များအား ယုံကြည်မှု အပြည့်အဝဖြင့် ယခုထက် ပိုမိုဆက်လက်ဆောင်ရွက်နိုင်ရေး ရည်ရွယ်လျက် ဖော်ပြပါ တိုင်းစစ်ဌာနချုပ်နယ်မြေများ၌ စစ်ရေးလှုပ်ရှားမှုများကို ၂၀၁၉ ခုနှစ် ဩဂုတ်လ ၃၁ ရက်အထိ တိုးမြှင့် ရပ်ဆိုင်း ပေးမည်ဖြစ်ကြောင်း ဝမ်းမြောက်ဖွယ်ကြားသိရသည်။
လက်ရှိ၌ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟို ဌာန (NRPC) ကိုယ်စားလှယ်အဖွဲ့နှင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် NCA ရေးထိုးခြင်းမပြုရသေးသည့် KIO (ကချင်ပြည် လွတ်မြောက်ရေးအဖွဲ့)နှင့် အဖွဲ့ သုံးဖွဲ့တို့ အထူးဒေသ (၄) မိုင်းလားတွင် တွေ့ဆုံဆွေးနွေးခဲ့ကြပြီး အစိုးရ၏ အပစ်အခတ်ရပ်စဲရေး မူကြမ်းနှင့်ပတ်သက်သည့် အဆိုပြုချက်ကို အဆိုပါအဖွဲ့ လေးဖွဲ့သို့ပေး အပ်၍ ထပ်မံ ဆွေးနွေးရန် ကမ်းလှမ်းခဲ့သည်။
သို့ဖြစ်ရာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ တစ်ဆင့် တက်လှမ်းနိုင်ရန် အလားအလာ ကောင်းများ ရရှိနေပြီဖြစ်၍ ထာဝရ ငြိမ်းချမ်းရေး ရရှိအောင် ဆက်လက်ကြိုးပမ်းနိုင်လိမ့်မည်ဟု ယုံကြည်ပါကြောင်း။ ။
ကြေးမုံ