ဆီဆိုင် ၆  ဇူလိုင်     

 

နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စုရန်ပုံငွေဖြင့် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ တောင်ရှေ့ကျေးရွာအုပ်စု၊ တောင်းတပ်ကျေးရွာရှိ ဘက်စုံသုံးကျေးရွာခန်းမဆောင်၌ ဇူလိုင် ၅ ရက် နေ့လယ် ၁၂ နာရီက ကျေးရွာ(၄)ရွာအတွက် ဆိုလာပြား (၅၀၉)စုံနှင့် ဆက်စပ်ပစ္စည်းများပေးအပ်ပွဲအခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။

 

ရှေးဦးစွာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခွန်လှသိန်း၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်နှင့် နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဟိုပုံးမြို့နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးခင်မောင်သက်တို့က အသီးသီးအမှာစကားပြောကြားကြပြီး ကျေးရွာ(၄)ရွာအတွက် ဆိုလာပြား(၅၀၉)စုံနှင့် ဆက်စပ်ပစ္စည်းများကို ပေးအပ်ခဲ့ကြောင်း သိရသည်။

 

ဆိုလာပြားပေးအပ်ရာတွင် တောင်ရှေ့ကျေးရွာအုပ်စုအတွင်းရှိ ထီနဲ့ကျေးရွာအတွက်(၉၀)စုံ၊ ပန်သခွားကျေးရွာအတွက်(၆၁)စုံ၊ စိန်ဖြီနာကျေးရွာအတွက် (၁၈၆)စုံ၊ တောင်းတပ်ကျေးရွာအတွက်(၁၇၂)စုံ စုစုပေါင်း (၅၀၉)စုံနှင့် ဆက်စပ်ပစ္စည်းများကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။ ဆက်လက်ပြီးတော့လည်း နားခိုက်ကျေးရွာအုပ်စု ထီဒေးကျေးရွာအတွက် (၁၁၂)စုံနှင့် ဆက်စပ်ပစ္စည်းများကို ဆက်လက်ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခွန်လှသိန်းထံမှ သိရသည်။

 

ခွန်ရဲထွေး(ဆီဆိုင်)