ဖယ်ခုံ    ၆   ဇူလိုင် 

 

ရှမ်းပြည်နယ်(တောင်ပိုင်း) ဖယ်ခုံမြို့နယ်၌ ပြန်လည်ထူထောင်ရေးဦးစီးဌာန မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်းမှ ကျင်းပပြုလုပ်သည့် စေတနာ့ဝန်ထမ်း မူးယစ်ကြီးကြပ်ရေးမှူးသင်တန်း အမှတ်စဉ် ၁/၂၀၁၉ ဖွင့်ပွဲအခမ်းအနားကို ဇူလိုင်လ ၅ ရက်နေ့ နံနက် ၉ နာရီက ဖယ်ခုံပြန်လည်ထူထောင်ရေးစခန်း သင်တန်းခန်းမတွင် ကျင်းပသည်။

 

အခမ်းအနားတွင် ဖယ်ခုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖိုးမောင်ကအဖွင့်အမှာစကားပြော ကြားသည်။ ဆက်လက်၍ ရှမ်းပြည်နယ်ပြန်လည်ထူထောင်ရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးထွန်းဦးက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မိုးစိုးက အမှာစကားပြောကြာသည်။

 

အဆိုပါသင်တန်းတွင် ဖယ်ခုံမြို့နယ်အတွင်းမှ စေတနာ့ဝန်ထမ်းသင်တန်းသား ၂၂ ဦးတက်ရောက်ပြီး သင်တန်းကာလ ၅ ရက် ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရှိရသည်။ သင်တန်းသားများအနေဖြင့် ပြန်လည်ထူထောင်ရေးစခန်းနှင့် မိမိဒေသပတ်ဝန်းကျင်ရှိ မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေး လုပ်ငန်းများနှင့် မူးယစ်ဆေးသုံးစွဲသူများအား စည်းရုံးဖော်ထုတ်ပြီး ဆေးဖြတ်ကုသမှုခံယူနိုင်ရေး စသည့်လုပ်ငန်းများတွင်  ပါဝင်ကူညီနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။

 

ဖယ်ခုံပြန်လည်ထူထောင်ရေးစခန်းကို ၂၀၁၉ ခုနှစ် ဖေဖော်ဝါလမှစတင်၍ ပြန်လည်ဖွင့်လှစ်ခဲ့ပြီး မူးယစ်ဆေးဖြတ်ခြင်းနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ပြင်ဆင်ဆောင်ရွက်လျှက်ရှိကြောင်းနှင့် ယခင်က မူးယစ်ဆေးဖြတ်ခြင်းနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ သော်လည်း ၂၀ဝ၅ ခုနှစ် နောက်ပိုင်းတွင် ရပ်နားထားခဲ့သည်မှာ လက်ရှိအချိန်အထိဖြစ်ကြောင်း ဖယ်ခုံပြန်လည် ထူထောင်ရေးစခန်းတာဝန်ခံ ဦးဝေယံထွန်း ထံမှသိရှိရသည်။

 

“ လက်ရှိ ဖယ်ခုံပြန်လည်ထူထောင်ရေးစခန်းမှာ မူးယစ်ဆေးစွဲသူတွေဆေးဖြတ်နိုင်အောင် စီစဉ်ဆောင်ရွက် နေပါတယ်။ ခုလောလောဆည်တော့ ဒီမှာအဆင်သင့်မဖြစ်သေးပါဘူး။ အရေးပေါ်အခြေအနေ အရေးပေါ် မူးယစ်ဆေးဖြတ်ရမဲ့လူရှိရင်တော့ ကျွန်တော်နဲ့ဆက်သွယ်ပါ။ အားလုံးအခမဲ့ပါ။ တောင်ကြီးရောက်အောင်တော့ ပို့ပေးဖို့လိုပါတယ် ” လို့ ရှမ်းပြည်နယ် ပြန်လည်ထူထောင်ရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးထွန်းဦးက ပြောကြားသည်။

 

“ခုလိုဖယ်ခုံဒေသမှာ မူးယစ်ဆေးဖြတ်ပြီး ပြန်လည်ထူထောင်ရေးစခန် းပြန်ဖွင့်တာ ကောင်းပါတယ်။ ခုခေတ်လူငယ်တွေက မူးယစ်ဆေးဝါးနဲ့ သိပ်မကင်းကြတဲ့အတွက် ဒီပြန်လည်ထူထောင်ရေးစခန်းကို တစိုက်မတ်မတ် ပြန်လည်ဖွင့်လှစ်နိုင်မယ်ဆိုရင် ဒေသတွင်းမှာရှိတဲ့ လူငယ်တွေရဲ့ မူးယစ်ဆေးဝါးသုံးစွဲမှု လျော့နည်းသွားမယ် ” လို့ ဒေသခံတိုင်ရင်းသားဖြစ်သော ရွှေပြည်အေးခြံ ဦးစီးမှူး ဦးနိုးရယ်က ပြောကြားသည်။

 

ကိုထွေး(ဖယ်ခုံ)