(၂၉-၆-၂၀၁၉ ရက်နေ့မှအဆက်)

 

ထို့အပြင် ဆွေခုနစ်ဆက် (သို့မဟုတ်) ဆွေကိုးဆက် လက်မထပ်ဟု ကျိန်ဆိုထားသော အမျိုးထဲမှဖြစ်နေလျှင် လည်း လက်ထပ်ခြင်းမှ ရှောင်ကြဉ်ကြသကဲ့သို့ အစ်ကို ဖြစ်သူက အစ်မနှင့်လက်ဆက်ထားလျှင် ညီဖြစ်သူက ညီမ နှင့် လက်ဆက်ခြင်းမှာလည်း ရှောင်ကြဉ်ကြရ၏။ လူတစ်ဦးသည် ဇနီးသည်သေဆုံးသွားလျှင် ဇနီးသည်၏ ညီမ(ခယ်မ)ကို လက်ဆက်ပိုင်ခွင့်မရှိပေ။ စိတ်ဝင်စားဖွယ် အကောင်းဆုံးမှာ သုံးပွင့်ဆိုင်စနစ်(သို့မဟုတ်) ဖိုခုံလောက်ဆိုင်စနစ် နှင့် လေးပွင့်ဆိုင်စနစ်လက်ထပ်ခြင်းကို ရှောင်ကြဉ်ကြခြင်း ပင်ဖြစ်ပေသည်။ သုံးပွင့်ဆိုင်စနစ်ဟူသည်မှာ "က"၏ သား/သမီးတစ်ယောက်ယောက်နှင့် "ခ" ၏ သား/သမီး တစ်ယောက်ယောက်နှင့် လက်ဆက်ထားပြီး "ခ" ၏ သား/သမီးတစ်ယောက်ယောက်နှင့် "ဂ"၏ သားသမီး တစ်ယောက်ယောက် လက်ဆက်ထားလျှင် "က"၏ သား/သမီးများသည် "ဂ" ၏ သား/သမီးများ နှင့် လက်ဆက်ပိုင်ခွင့်မရှိတော့ပေ။ လေးပွင့်ဆိုင်စနစ်မှာ သုံးပွင့်ဆိုင်စနစ်မှ ဆက်၍ "ဂ"၏ သား/သမီးတစ်ဦးနှင့် "စ"၏ သား/သမီးများမှာ လက်ဆက်ပိုင်ခွင့် မရှိခြင်းပင် ဖြစ်ပေသည်။ တစ်နည်းအားဖြင့်ဆိုသော် ဆွေမျိုးနှစ်ထပ် မတော်စေခြင်းပင်ဖြစ်ပေသည်။

 

မီးဖွားခြင်းနှင့်သက်ဆိုင်သော တဘူးများလည်း ပဒေါင်တို့တွင်ရှိပေသေးသည်။ မင်္ဂလာဆောင်တွင် ကိုယ်ဝန်ဆောင်အမျိုးသမီးများ ထမင်းတစ်ဝိုင်းတည်း စားသောက်ခြင်းမပြုရပေ။ အကယ်၍ ကိုယ်ဝန်ဆောင် နှစ်ဦး ထမင်းတစ်ဝိုင်းတည်းစားမိလျှင် တစ်ဦးက ငွေတစ်မတ် ပေးရ၍ အခြားတစ်ဦးက သံတစ် ချောင်းပြန်ပေးရသော ထုံးစံ ရှိ၏။ ဤကဲ့သို့ မပြုလုပ်လျှင် ဖျားနာတတ်သည်၊ ထိခိုက် တတ်သည်ဟု ယုံကြည်ကြသည်။ ကိုယ်ဝန်ဆောင် အမျိုးသမီးသည် ဆွေမျိုးများ၏ အသုဘပင်ဖြစ်သော်လည်း အသုဘပို့ခြင်းမှ ရှောင်ကြဉ်ရ၏။ အသုဘပို့လျှင် ထိခိုက် တတ်သည်ဟု ယူဆကြ၏။

 

ဇနီးသည်မီးဖွားနေလျှင် ခင်ပွန်းသည်မှာ နှစ်ရက်၊ သုံးရက်တောင်ယာလုပ်ငန်းများကို လုပ်ကိုင်ခြင်းမပြုရ ပေ။ ငါးမျှားခြင်း၊ အမဲလိုက်ခြင်းများကိုလည်း ရှောင်ကြဉ် ရ၏။ တောင်ယာဆင်းခြင်း၊ ငါးမျှားခြင်း ပြုလုပ်မိလျှင် မွေးကင်းစကလေး ထိခိုက်တတ်သည်ဟု ယုံကြည်ကြ၍ ဖြစ်သည်။ အမဲလိုက်မိပါမူ ကလေးကို ထိခိုက်သည် သာမက သားကောင်လည်းမရ ဖြစ်တတ်၍ အခြားအမဲလိုက်သူ များက လက်မခံလိုကြပေ။ ထို့အပြင် မီးနေသည်၏ ခင်ပွန်း သည် အသုဘသင်္ဂြိုဟ်ရာသို့ သွားရောက်ခြင်းမပြုရသည့်အပြင် မင်္ဂလာပွဲသို့လည်း သွားရောက်ခြင်းမှ ရှောင်ကြဉ် ရ၏။ ဤတဘူးများကို ချိုးဖောက်ပါမူ ထိခိုက်တတ်သည်ဟု ယုံကြည်ကြ၏။

 

အမျိုးသမီးတစ်ဦးသည် မီးဖွားပြီး တစ်လတိတိ အိမ်သူအိမ်သားများနှင့် ထမင်းစားသောက်ခြင်းမပြုရပေ။ မီးနေသည် အတွက် မီးဖိုလည်း သီးသန့်ပြုလုပ်ပေးရသည့် အပြင် ရေကိုလည်း သီးသန့်ခပ်ပေးရ၏။ တစ်လပြည့် လျှင် မီးနေသည်မှာ မိမိအတွက် သီးသန့်ပြုလုပ်၍ထားသော ရေအိုးထဲမှရေကိုချိုး၍ သန့်စင်စေပေးပြီးမှ အခြားသူများ နှင့်အတူ ထမင်းတစ်ဝိုင်းတည်း စားသောက်နိုင်ခွင့်ရရှိ တော့၏။

 

အမဲလိုက်ခြင်းနှင့် သက်ဆိုင်သော တဘူးများမှာ အမဲလိုက်မည့်နေ့တွင် ပဲပုပ်၊ ငါးပိ စားသောက်ခြင်းမှ ရှောင်ကြဉ်ရသည့်အပြင် မေထုန်မှီဝဲခြင်းမှလည်း ရှောင်ကြဉ်ရ၏။ ထိမ်းမြားမင်္ဂလာပြုလုပ်သော အိမ်မှ ကျွေးမွေးသောအစားအစာများကို စားသောက်ပြီးလျှင် ပြီးချင်း အမဲလိုက်ခြင်းကို မပြုလုပ်ရသကဲ့သို့ မီးနေသည် အိမ်တွင် ရှိနေလျှင်လည်း ထိုအိမ်မှ အမျိုးသားများသည် အမဲလိုက်ခြင်းမှ ရှောင်ကြဉ်ကြရ၏။

 

အိမ်ရှိအမျိုးသားများ အမဲလိုက်ထွက်နေစဉ်တွင် အိမ်၌ကျန်ရှိခဲ့သူများသည် ခေါင်ချက်ခြင်း၊ ဆဲဆိုခြင်းတို့မှ ရှောင်ကြဉ်ရသည်။ ဤတဘူးများကို ချိုးဖောက်ပါက အမဲ လိုက်သူများအတွက် အ္တရာယ်ရတတ်သည့်အပြင် တော ကောင်လည်းမရ ဖြစ်တတ်သည်ဟု ယူဆကြသည်။

 

နတ်တင်သည့်အမဲကို အမျိုးသမီးများ စားသောက် ခြင်းမပြုရဘဲ အမျိုးသားများသာ စားသောက်ပိုင်ခွင့်ရှိ ကြသည်။ အမျိုးသမီးများမှာ မသန့်ရှင်း၍ယင်းသို့ စားသောက်ခြင်းကို နတ်မနှစ်သက်သောကြောင့် စားမိလျှင် စားမိသူသာမက တစ်ရွာလုံးအတွက် နစ်နာထိခိုက် တတ်သည်ဟု ယူဆကြသည်။

 

အချို့ပဒေါင်တို့သည် တောကောင်များ၏ ဦးခေါင်း များကို ရွာထဲသို့ယူဆောင်လာလျှင် နတ်မနှစ်သက်၍ ထိခိုက်တတ်သည်ဟုယူဆကာ တောကောင်များ၏ ဦးခေါင်းများကို ရွာတွင်းသို့ ယူဆောင်လာခြင်းမပြုကြပေ။ ရွာရှိအမျိုးသားများ ရွာလုံးကျွတ်အမဲလိုက်နေလျှင် ရွာဝင် တံခါးများ ပိတ်ထားကြ၍ အခြားရွာမှလာသော ဧည့်သည် (သို့မဟုတ်) သူစိမ်းများအား ရွာတွင်းသို့ ဝင်ခွင့်မပြုကြပေ။ ရွာဝင်လမ်းတွင် သစ်ကိုင်းသစ်ရွက်များနှင့် အမဲလိုက်ထွက် နေခြင်းကို အထိမ်းအမှတ်ပြထားကြ၏။ မိုးဦးကျအမဲလိုက် ခြင်းနှင့် ပတ်သက်သော ပူဇော်ပသပွဲများသို့ ဧည့်သည် များအား လာရောက်ခွင့် မပြုသည့်အပြင် အခြားရွာများရှိ ဆွေမျိုးမိတ် ဆွေများကိုပင် လာရောက်ခွင့် မပြုကြပေ။ ထိုပွဲသို့ ဧည့်သည်လာရောက်ခဲ့လျှင် ရွာအတွက် နစ်နာ သည်သာမက ဧည့်သည်အားလည်း ထိခိုက်တတ်သည်ဟု အယူရှိကြ၏။ ရွာရှိလူများ ကျားလိုက် ထွက်နေကြစဉ်တွင် ရွာ၌စပါးရိတ်ခြင်း၊ ခေါင်ချက်ခြင်းနှင့် စေ့စပ်ကြောင်းလမ်း ခြင်း စသည်တို့တွင် ရှောင်ကြဉ်ကြရ၏။ ဤတဘူးများကို ချိုးဖောက်ပါက ကျားလိုက်သူများအတွက်အန္တရာယ်တွေ့ တတ်သည်ဟူ၏။

 

အမဲလိုက်မည့်သူများသည် အမဲလိုက်ထွက်မည့် နံနက်ပိုင်းတွင် ငါးပိနှင့်ပဲပုပ်တို့ကို စားသောက်ခြင်းမှ ရှောင်ကြဉ်ကြရ၏။ လက်ထပ်ပွဲမှ ရရှိသောအသားများ ကိုလည်း အမဲလိုက်ရာတွင် ယူဆောင်သွားခြင်းမှ ရှောင်ကြဉ်ကြရ၏။ ဤတဘူးများကို ချိုးဖောက်ပါက အမဲလိုက်သူများ အ္တရာယ်တွေ့တတ်သည့်အပြင် သားကောင်လည်းမရဖြစ်တတ်သည်ဟူ၏။

 

စိုက်ပျိုးရေးနှင့်သက်ဆိုင်သော တဘူးများကိုလည်း ပဒေါင်တို့ လိုက်နာကြသည်ကို တွေ့ရှိရ၏။ သီးနှံဖွံ့ဖြိုးစေရန် တောင်ယာအနီးတွင် တောင်ယာနတ်အား ပူဇော်ပသပြီး သောအသားများကို အမျိုးသမီးများ စားသောက် ခြင်းမပြုရ ဘဲ အမျိုးသားများသာ စားပိုင်ခွင့်ရှိကြ၏။ တံခွန်တိုင်ပွဲတွင် ပူဇော်သည့် အသားများကိုလည်း အမျိုးသမီး များ စားသုံး ခြင်းမပြုရသကဲ့သို့ စိုက်ထူမည့် တံခွန်တိုင်ကိုလည်း အမျိုး သမီးများ ကိုင်တွယ်ခြင်း မပြုကြရပေ။ ဤတဘူးများကို ချိုးဖောက်ပါက သီးနှံခေါင်းပါးပြီး ရပ်ရွာနစ်နာတတ်သည် ဟု ယူဆကြ၏။

 

စပါးသစ် စားသောနေ့တွင် မိမိအိမ်၌ ခေါင်ချက်ခြင်း ကို ရှောင်ကြဉ်ရသည့်အပြင် မိမိအိမ်တွင် မီးဖွားနေသော မီးနေသည်ကိုလည်းကောင်း၊ ပေါက်နေသော ကြက်၊ ဝက်တို့ကိုလည်ကောင်း အခြားအိမ်သို့ ပြောင်းရွှေ့ ထားရပြီး ဧည့်သည်ကိုလည်း မိမိအိမ်တွင် တည်းခိုခွင့်မပြုရပေ။ စပါးပုတ်သောနေ့တွင်လည်း ဤကဲ့သို့ပင် ရှောင်ကြဉ်ကြရ ၏။

 

အခြားစိတ်ဝင်စားဖွယ်ကောင်းသော တဘူးများမှာ လပြည့်၊ လကွယ်နေ့များတွင် အိမ်သစ်စဆောက်ခြင်း၊ အိမ်သစ်တက်ပွဲကျင်းပခြင်းများကို ရှောင်ကြဉ်ကြခြင်းပင် ဖြစ်၏။ ဤကဲ့သို့ မရှောင်ကြဉ်ပါက လာဘ်တိတ် တတ် သည်၊ ထိခိုက်တတ်သည်ဟု ယူဆကြသည်။

 

ရွာလုံးကျွတ်အမဲလိုက်ထွက်စဉ်တွင် အမျိုးသမီး တစ်ဦး၏ ခြေထောက်မှ ဒူးဆစ်အထိအဝတ်မပါဘဲ အသား ကိုမြင်ရလျှင် မြင်ရသူသည် အမဲလိုက်ရန် ခရီးဆက်လက် မသွားတော့ဘဲ လှည့်ပြန်ရသည့်အပြင် ဤကဲ့သို့မြင်သည် ကို အဖွဲ့ဝင်များအားလည်း ပြောဆိုခြင်းမပြုရပေ။ ဤကဲ့သို့ မြင်သည်ကိုပြောလျှင် ကြားရသူအားလုံး အမဲလိုက်ခြင်း မပြုကြရတော့ပေ။ ဤတဘူးကို ချိုးဖောက်မိလျှင် တော ကောင်မရသည့်အပြင် အမဲလိုက်သူများမှာ အ္တရာယ် တွေ့တတ်သည်ဟူ၏။

 

လူတစ်ဦးတစ်ယောက် ခရီးထွက်စဉ် မင်္ဂလာဆောင် နှင့် ကြုံကြိုက်နေလျှင် မင်္ဂလာဆောင်မှ အစားအစာများကို စားသောက်ခြင်းမှ ရှောင်ကြဉ်ရသည့်အပြင် မင်္ဂလာ ဆောင်မှရရှိသော အသားကိုလည်း ခရီးသွားစဉ် ယူဆောင်သွားခြင်းမှ ရှောင်ကြဉ်ရ၏။ ဤတဘူးများကို ချိုးဖောက်မိပါက အ္တရာယ်တွေ့တတ်သည့်အပြင် လာဘ်တိတ်တတ်သည်ဟူ၏။

 

ပရဲ့တို့လိုက်နာကျင့်သုံးရသော တဘူးများ

 

ပရဲ့တို့တွင် ထိမ်းမြားမင်္ဂလာနှင့်ပတ်သက်၍ ရှောင်ကြဉ်ကြရသော တဘူးများရှိပေသည်။ မောင်နှမ တစ်ဝမ်းကွဲ အချင်းချင်း၊ အဒေါ်နှင့်တူ၊ ဦးလေးနှင့်တူမ၊ အဘွားနှင့်မြေး၊ အဘိုးနှင့်မြေးတို့မှာ လက်ထပ်ပိုင်ခွင့် မရှိကြဘဲ ဆွေမျိုးဝေးသွားမှသာလျှင် ဆွေမျိုးချင်း လက်ဆက်ခွင့်ရှိကြသည်။ ပရဲ့တို့သည်လည်း သုံးပွင့်ဆိုင် စနစ်ဖြင့် လက်ထပ်ထိမ်းမြားခြင်းကို ရှောင်ကြဉ်ကြသည်။

 

(ဆက်လက်ဖော်ပြပါမည်)