ရန်ကုန် ၆ ဇူလိုင်        

 

တက္ကသိုလ်ဝင်စာမေးပွဲ (၁၀)တန်း အောင်ခြင်းရှုံးခြင်းနှင့်ပတ်သက်၍ အမှတ်စာရင်း ဂုဏ်ထူးရဘာသာများ၏ ရမှတ်စာရင်းများအား ပြန်လည်စိစစ်လိုသော လျောက်လွှာများသည် ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ် ပါရမီလမ်းရှိ  မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန(ရန်ကုန်ရုံးခွဲ)တွင် ဇွန်လ ၁၀ ရက်နေ့ မှယခု  ဇူလှိုင် ပထမပတ်ထိ လာရောက်လျှောက်ထားကြရာမှာ ယခုအခါ လျှောက်သူပေါင်း(၅၀ဝ)ဦး ကျော်ခန့်ရှိနေပြီးဖြစ်ကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာန(ရန်ကုန်ရုံးခွဲ) မှ သိရသည်။

 

အဆိုပါ တက္ကသိုလ်ဝင်တန်း အမှတ်စာရင်းပြန်စစ်ချင်သူ များအတွက် Complain From များကို  ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ် ပါရမီလမ်းရှိ  မြန်မာနိုင်ငံစာစစ်ဦးစီး ဌာန(ရန်ကုန်ရုံးခွဲ)နှင့် ရုံးအမှတ်(၅၂)နေပြည်တော်တို့တွင် ဝယ်ယူနိုင်ပြီး တစ်ဘာသာလျင်ကျပ် (၂၅၀ဝ၀) ခွဲဖြင့် လျှောက်ထားနိုင်ကြောင်း သိရသည်။ ထို Complain From များတွင် လျှောက်ထားသူအမည်/ခုံအမှတ်/စိစစ်မည့် ဘာသာရပ် အချက်အလက်အပြည့်အစုံဖြင့် လျှောက်ထားနိုင်ကြောင်းလည်း သိရသည်။

 

"ကျောင်းသားတွေအနေနဲ့ပေါ့ ကိုယ့်ရဲ့ရမှတ်အပေါ်မှာ  ပြန်စစ်ဆေးပေးစေလိုတဲ့ သူတို့တွေဆန္ဒကို အခုအမှတ်စာရင်း ထုတ်ပေးတဲ့အချိန်ကာလတွေမှာပဲ တစ်ခါထည်းလျှောက်လွှာဝယ်ပြီး လျောက်ထားနိုင်ပါတယ်။ ကျွန်တော်တို့ စာစစ်ဦးစီးဌာနက အဆင့်မြင့်ပညာဦးစီးဌာန လက်အောက်မှာရှိတဲ့ သက်ဆိုင်ရာ တက္ကသိုလ်တွေကို ပေးပို့ပြီးတော့ ရမှတ်မှန်ကန်မှုရှိ/မရှိ ပြန်လည်စစ်ဆေးပေးစေတာပါ။ ပုံမှန်တော့ တစ်လခြားပြီး ချိန်းပေးတယ်။ ခုကတက္ကသိုလ်က ပြန်တာစောလို့ ရက်သတ္တ နှစ်ပတ်/သုံးပတ်နဲ့  အကြောင်းပြန်ရင်လည်း စောစောပြန်အကြောင်းကြားပေးပါတယ်။ ပြန်လည်စီစစ်တဲ့ စာစစ်မှုအဖွဲ့တွေက တက္ကသိုလ်ပေါင်းစုံက ဖြစ်ပြီးသူတို့ဘက်ကလည်း အဆင့်ဆင့်ပြန် စီစစ်တာဆိုတော့ အချို့အပိုင်းတွေမှာ ကြာတာလေးတော့ရှိပါမယ်"ဟု မြန်မာနိုင်ငံစာစစ်ဦးစီးဌာန ညွှန်ကြားရေးမှုး ဦးမိုးမြင့်ကျော်က ပြောသည်။

 

လျောက်ထားသည့်နေ့မှ တစ်လကြာမြင့်မည်ဖြစ်ကြောင်းလည်း သိရသည်။ထိုတက္ကသိုလ်ဝင် ဖြေဆိုပြီး အမှတ်စာရင်းတောင်းခံ Complain From များကို မြန်မာနိုင်ငံစာစစ်ဦးစီးဌာန မှတစ်ဆင့် အဆင့်မြင့်ပညာဦးစီးဌာန မှ သက်ဆိုင်ရာ တက္ကသိုလ် ပါမောက္ခ /ဌာနမှူးများကို ပြန်လည်စိစစ်စေပြီး အမှတ်စာရင်းကို ပါမောက္ခချုပ် မှတစ်ဆင့် မြန်မာနိုင်ငံစာစစ်ဦးစီးဌာနသို့ ပြန်လည်လွှဲပြောင်းပေးအပ်ရမည်ဖြစ်ကြောင်း သိရသည်။

 

သတင်း-မျိုးမင်းသိန်း(မရမ်းကုန်း)

 

ဓါတ်ပုံ- မျိုးကြီး