မုံရွာ ၆ ဇူလိုင်
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မုံရွာစက်မှုဇုန်အတွင်း တည်ဆောက်နေသည့် ရေဆိုးသန့်စင်စက်ရုံကို ယခုနှစ်အတွင်းအပြီး တည်ဆောက်သွာမည်ဖြစ်ကြောင်း ရေဆိုးသန့်စင်စက်ရုံ တည်ဆောက်ရေးကော်မတီထံက သိရသည်။
အဆိုပါ ရေဆိုးသန့်စင်စက်ရုံကို မုံရွာစက်မှုဇုန်အတွင်းရှိ ကြာဇံသားရေတိုးချဲဇုန်အတွင်း ယခုနှစ် မတ်လအတွင်းက စတင်တည်ဆောက်ခဲ့ရာ လက်ရှိတွင် ၆၀ ရာခိုင်နှုန်းပြီးစီးနေပြီ ယခုနှစ် နှစ်ကုန်ပိုင်းတွင် အပြီးတည်ဆောက်သွားမည်ဖြစ်ကြောင်း ရေဆိုးသန့်စင်စက်ရုံ တည်ဆောက်ရေးကော်မတီဥက္ကဋ္ဌ ဦးဝေတင့် က ပြောသည်။
''အရင်တုန်းကတော့ ရေဆိုးတွေက စက်မှုဇုန်ဘေးမှာရှိတဲ့ အင်းဟောင်းတစ်ခုဖြစ်တဲ့ ဂရမ်တော့ပယ်ဖျက်ပြီသား ဆားကျင်းအင်းထဲကို စီးဝင်တာပေါ့။ အင်းထဲကိုစီးဝင်တော့ ပတ်ဝန်းကျင်အနှံ့ နံတာတွေရှိတဲ့အတွက် ဒီစီမံကိန်းကို လုပ်ငန်းရှင်တွေနဲ့ မုံရွာစက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီနဲ့ ပူးပေါင်းပြီးတော့ ဆောင်ရွက်တာဖြစ်ပါတယ်။ စက်ရုံကို ဒီနှစ် မတ်လအတွင်းက စတင်တည်ဆောက်တယ်။ ဒီဇင်ဘာလအတွင်းမှာပြီးမယ်။ ဒီဇင်ဘာလအတွင်းပြီးပြီဆိုတာနဲ့ စတင်လှည့်ပတ်တော့မယ်။အခုတော့ ၆၀ ရာခိုင်နှုန်းပြီးစီးနေပါပြီ ''ဟု ၎င်း ကပြောသည်။
မုံရွာစက်မှုဇုန်အတွင်း တည်ဆောက်နေသည့် ရေဆိုးသန့်စင်စက်ရုံကို ဒိန်မတ်နိုင်ငံမှ RBF ထောက်ပံငွေရရှိသည့် SME လုပ်ငန်းရှင် ၁၅ ဦးမှ ပူးပေါင်း၍ အကောင်အထည် တည်ဆောက်ခြင်းဖြစ်ပြီး စက်ရုံတည်ဆောက်မှုကုန်ကျစရိတ်အနေဖြင့် ကျပ်သိန်းပေါင်း ၁၇၁၀ဝ ကုန်ကျမည်ဖြစ်ကြောင်း ရေဆိုးသန့်စင်စက်ရုံ တည်ဆောက်ရေးကော်မတီမှ သိရသည်။
လူအောင်(ကသာ)


