ဟိုပုံး    ၆   ဇွန်        

 

နိုင်ငံတော်နှင့် ပြည်သူများအတွက် တိုက်ရိုက်အကျိုးဖြစ်စေရုံသာမက ကမ္ဘာ့ရာသီဥတု ဖောက်ပြန်မှုများကို တစ်ဖက်တစ်လမ်းမှ ကာကွယ်တားဆီးရာတွင် အထောက်အပံ့ဖြစ်သည့် သစ်ပင်စိုက်ပျိုးမှုသည် လူသားတို့ အသက်ရှင်ရပ်တည်ရေးနှင့် သဘာဝပတ်ဝန်းကျင်၊ သဘာဝအရင်းအမြစ်များ ရေရှည်ရရှိနိုင်ရေးအတွက် ရည်ရွယ်၍ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့၏ ဦးဆောင်မှုဖြင့် လူထုပူးပေါင်း ပါဝင်သည့်  ၂၀၁၉ ခုနှစ် ၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့ နံနက်(၇)နာရီက ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့၊ တောင်ရပ်ကွက် ရေကြည်ခုနှစ်ပေါက်၌ ကျင်းပပြုလုပ်သည်။

 

အဆိုပါ သစ်ပင်စိုက်ပျိုးပွဲတော်တွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်စံလွင်က "သစ်ပင်စိုက်ပျိုးခြင်းဖြင့် ရေအရင်းအမြစ်များဖြစ်တဲ့ စိမ့်စမ်း၊ ရေထွက်၊ ရေကန်၊ ဆည်တမံများ ရေရှည်တည်တံ့ရေး အတွက် အထောက်အကူပြုပါတယ်။ မိမိတို့နေထိုင်တဲ့ပတ်ဝန်းကျင် စိမ်းလန်းစိုပြေတဲ့ အခြေအနေကောင်းများကို ထိန်းသိမ်းကြဖို့နဲ့ ကလေးသူငယ်များမှစပြီး လူငယ်၊ လူကြီးများအထိ လက်ဆင့်ကမ်းတာဝန်ယူ အမွေဆက်ခံ သွားရမှာဖြစ်ပါတယ်။ ယခုနှစ်မိုးရာသီမှာ ဟိုပုံးမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ထင်းရှူး၊ ရေသင်းဝင်၊ မယ်ဇလီ၊ စိန်ပန်းနီ၊ စိန်ပန်းပြာစတဲ့ ပျိုးပင်(၃၇၀ဝ၀)ပင်၊ နှစ်ရှည်သီးပင်စားပင်ဖြစ်တဲ့ ထောပတ်ပင်(၂၂၀ဝ၀)ပင် ပျိုးပင်စုစုပေါင်း (၅၉၀ဝ၀)ပင် တို့ကို ဖြန့်ဝေပေးခဲ့ပြီး သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် စိမ်းလန်းစိုပြေရေးအတွက် စီမံချက်များ ရေးဆွဲကာ  ဌာနဆိုင်ရာရုံးများ၊ စာသင်ကျောင်းများ၊ ဘုန်းတော်ကြီးကျောင်းများနှင့် ရပ်ကွက်ကျေးရွာအုပ်စု များတွင် စိုက်ပျိုးဆောင်ရွက်လျက် ရှိပါတယ် " ဟုပြောကြားသည်။

 

ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုနှင့် သဘာဝပတ်ဝန်းကျင်ထိခိုက်ပျက်စီးမှုများ၏ အကျိုးဆက်ကြောင့် သဘာဝ ဘေးအန္တရာယ် ဖြစ်ပွားမှုများကို ယခင်ကထက်ပိုမိုရင်ဆိုင်တွေ့ကြုံခံစားလျက်ရှိရာ ဟိုပုံးမြို့နယ်အတွင်း သဘာဝဘေး အန္တရာယ်လျော့ပါးရေးအတွက် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် ဌာနဆိုင်ရာများအား တာဝန်ပေးအပ်ကာ ကျေးရွာ အုပ်စုများအလိုက် သစ်ပင်များစိုက်ပျိုးနိုင်ရေးဆောင်ရွက်ထားရှိပြီး၊ ဇွန်လ(၁၉)ရက်နေ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏ (၇၄)နှစ်ပြည့်မွေးနေ့အထိမ်းအမှတ်အဖြစ် နောင်တောင်းရေထွက်နေရာတွင် ထောပတ်၊ မယ်ဇလီ၊ ရေသင်းဝင်၊ စိန်ပန်းနီ၊ စိန်ပန်းပြာစသည့် ပျိုးပင်ပေါင်း(၂၀ဝ၀)ပင်ကို စိုက်ပျိုးခဲ့ကာ ယနေ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အထောက်အကူပြု ဒုတိယအကြိမ် လူထုပူးပေါင်း ပါဝင်သည့် သစ်ပင်စိုက်ပျိုးပွဲတော်ကို ဟိုပုံးမြို့၊ တောင်ရပ်ကွက် ရေကြည်ခုနှစ်ပေါက် ရေထွက်နေရာတွင် ပျိုးပင်ပေါင်း(၁၆၀ဝ)ကို  စိုက်ပျိုးနိုင်ခဲ့ပြီး သစ်ပင်များစိုက်ပျိုးခြင်းကြောင့် ဟိုပုံးမြို့၏ သဘာဝ ရေထွက်များ၊ ရေအရင်းအမြစ်များကို ထိန်းသိမ်းနိုင်မှာဖြစ်ကြောင်း ဟိုပုံးမြို့နယ်အုပ်ချုပ်ရေးမှူးဦးနန်းတင့်က ပြောကြားသည်။

 

စိုက်ပျိုးပြီးသစ်ပင်များရှင်သန်အောင်ထိန်းသိမ်းပြုစုနိုင်ရေးအတွက် "သစ်ပင်တွေရဲ့တန်ဖိုးကို နားလည်ပြီး စိတ်စေတနာအပြည့်နဲ့စိုက်တဲ့အပင် ရှင်သန်အောင်စိုက်ပျိုးကြဖို့နဲ့ စိုက်ပျိုးပြီးအပင် ရှင်သန်အောင်ပြုစုခြင်း၊ ထိန်းသိမ်းခြင်း၊ လူ၊ ကျွဲ၊ နွားတိရိစ္ဆာန်အန္တရာယ်မှ ကာကွယ်ခြင်းစတဲ့ ထိန်းသိမ်းရေးလုပ်ငန်းများကို ပြည်သူလူထုများကပါ ဝိုင်းဝန်း ဆောင်ရွက်ကြဖို့နဲ့ သက်ဆိုင်ရာဌာနများကလည်း စိုက်ပင်များ ဖာထေးခြင်း၊ သစ်ပင်များရှင်သန်နိုင်ရေးနှင့် ထိန်းသိမ်း စောင့်ရှောက်နိုင်ရေးတို့ ကြိုးစားဆောင်ရွက်သွားကြရန်" ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်စံလွင်က တိုက်တွန်းပြောကြားသည်။

 

သစ်ပင်စိုက်ပျိုးပွဲတော်တွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌဦးခွန်စံလွင်က အမှာစကား ပြောကြားခြင်း၊ ပျိုးပင်များကို ဒေသခံပြည်သူများသို့ ဖြန့်ဝေခြင်း၊ သစ်ပင်စိုက်ပျိုးနေမှုများကို လှည့်လည်ကြည့်ရှု အားပေးခြင်းနှင့် အမှတ်တရဓါတ်ပုံများရိုက်ကူးခဲ့ကြပြီး၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တပ်မတော်ကွန်ပျူတာနှင့်နည်းပညာသိပ္ပံကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ်အောင်ခိုင်စိုးနှင့်တာဝန်ရှိသူများ၊ ဟိုပုံးမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ၊ မိခင်နှင့်ကလေး/အမျိုးသမီးရေးရာအဖွဲ့၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံတိုင်းရင်းသားမိဘပြည်သူစုစုပေါင်း(၁၅၀ဝ)ဦးခန့်တို့က သစ်မျိုး(၈)မျိုးကို တပျော်တပါးစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

 

ထက်ထက်(ဟိုပုံး)