ရန်ကုန် ၆ ဇူလိုင်
နိုင်ငံတော်၏ လမ်းညွှန်မှု၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၏ ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်နှင့် ပညာရှင်များ ပူးပေါင်း၍ မြန်မာပြည်တစ်ဝှမ်း ကွန်ပျူတာသုံးမြန်မာဘာသာကို နိုင်ငံတကာသုံး စံချိန်စံညွှန်းနှင့်ကိုက်ညီသော မြန်မာယူနီကုတ်စနစ်သို့ တစ်ပြိုင်တည်းကူးပြောင်းနိုင်ရန် အကောင်အထည်ဖော် ဆောင်ရွက်သွားမည့် ယူနီကုတ်မြန်မာစာစနစ်ပြောင်းလဲ အသုံးပြုရေး စာနယ်ဇင်းရှင်းလင်းပွဲကို ဇူလိုင်(၅)ရက် မွန်းလွဲ(၂)နာရီက ရန်ကုန်မြို့ လှိုင်မြို့နယ်ရှိ MICT Park တွင် ကျင်းပခဲ့ကြောင်း သိရသည်။
၂၀၁၉-ခုနှစ် ဧပြီလ(၁)ရက်တွင် အစိုးရဌာနများ၌ ISO 10646 နိုင်ငံတကာသုံး ယူနီကုတ်စံစနစ်နှင့်ကိုက်ညီသော မြန်မာယူနီကုတ်ကို အောင်မြင်စွာကူးပြောင်းခဲ့ပြီး ကျန်ရှိနေသေးသော နည်းပညာ အခက်အခဲအချို့ကို မြန်မာနိုင်ငံ ကွန်ပျူတာ အသင်းချုပ်အောက်ရှိ Natural Language Processing Lab(NLP Lap) နှင့် ပြည်ပ ပညာရှင်များ ပူးပေါင်းဆောင်ရွက်ခဲ့ရာ သြဂုတ်(၁)ရက်တွင် ယူနီကုတ် ကူးပြောင်းရေးဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းများနှင့် စမ်းသပ်ဆောင်ရွက်သွားမည်ဟု သိရသည်။
“ မြန်မာနိုင်ငံကွန်ပျူတာ အသင်းချုပ်ဟာမြန်မာစာစံစနစ်ရဲ့နည်းပညာ ပိုင်းဆိုင်ရာပံ့ပိုးမှုတွေ၊အကြံပြုမှုတွေကို ပူးပေါင်းဆောင်ရွက်နေပါတယ်။ အောက်တိုဘာ(၁)ရက်မှာ မြန်မာယူနီကုတ်ကိုမြန်မာ ပြည်တစ်ဝှမ်း တစ်ပြိုင်တည်း သုံးစွဲနိုင်ဖို့သြဂုတ်(၁)ရက်မှ စမ်းသပ်ဆောင်ရွက်သွားမှာပါ။ အခက်အခဲ တွေကိုဖြေရှင်းနိုင်အောင် အားလုံးဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်စေလိုပါတယ်” ဟု မြန်မာနိုင်ငံ ကွန်ပျုတာအသင်းချုပ် ဥက္ကဋ္ဌ ဦးမင်းဇေယျာလှိုင်က ပြောသည်။
ယူနီကုတ်စနစ်အား Database များ၊ Spreadsheet တို့တွင် ထည့်သွင်းသုံးစွဲရာ၌ sorting,searching စသည့်ထောက်ပံ့မှုများ ရရှိမည်ဖြစ်၍ လုပ်ငန်းသုံးဆော့ဖ်ဝဲများ၊ ဌာနဆိုင်ရာ e-Government application များနှင့် အမျိုးမျိုးသော နောက်ဆုံးပေါ် အသုံးချနည်းပညာ စနစ်များအတွက် ပိုမိုကော င်းမွန်ပြည့်စုံသည့်ထောက်ပံ့မှုများကိုရရှိစေမည်ဖြစ်သည်။ လူသုံးများသော Operating System များဖြစ်သည့် Microsoft Windows, Apple Mac OS, Linux, Google,Android,Apple iOS စ သည့်စနစ်များတွင် မြန်မာယူနီကုတ်ကို အလိုအလျောက်ထောက်ပံ့ပေးထားပြီး Microsoft Office, Google, YouTube, Facebook, Messenger, Viber စသည့်မြန်မာနိုင်ငံတွင် အသုံးများသော Website များ၊ လူမှုကွန်ရက်များ၊ Mobile Application များနှင့် Office producitivity software များ ကိုလည်း မြန်မာနိုင်ငံတွင် လက်ခံကျင့်သုံးလျက် ရှိသည်။
အမျိုးသားစံချိန်စံညွှန်း ကောင်စီအတွင်းရေးမှူး၊ ပညာရေးဝန်ကြီးဌာန သုတေသနနှင့် တီထွင်ဆန်းသစ်မှု ဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဦးဝင်းခိုင်မိုးက အမျိုးသား စံချိန်စံညွှန်ကောင်စီသည် စံချိန်စံ ညွှန်းသတ်မှတ်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၃၃၊ပုဒ်မခွဲ(ခ)အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကိုကျင့်သုံး၍ ပုဒ်မ ၅၊ ပုဒ်မခွဲ(ခ)ပါလုပ်ငန်းတာဝန်များအရ MMSISO/IEC 10646:2017 သတင်းအချက်အ လက်နည်းပညာ၊ နိုင်ငံတကာသုံးယူနီကုတ်စနစ်အားမြန်မာစံချိန်စံညွှန်းအဖြစ်သတ်မှတ်ကြောင်းကို(၂၀၁၉)ခုနှစ်၊ဖေဖော်ဝါရီ(၂၁)ရက်ရက်စွဲပါအမိန်ကြော်ငြာစာအမှတ်(ဝ၂၂/၂၀၁၉)ဖြင့်ထုတ်ပြန်ကြေညာခဲ့ပြီး ဖြစ်ကြောင်း ပြောကြားသည်။
ကမ္ဘာတွင် ယူနီကုတ်မသုံးသော နိုင်ငံအနည်းငယ်သာ ကျန်ရှိပြီး အကျိုးကျေးဇူးများစွာရှိသောကြောင့်မြန်မာနိုင်ငံတွင် အသုံးပြုနိုင်ရန် စီမံဆောင်ရွက်ခြင်းဖြစ်ရာ ဖောင့်တစ်ခုတည်းကိုသာ အသုံးပြုထားပြီး တိုင်းရင်းသားဘာသာစာနှင့် ပါဋ္ဌိစာ(၁၃)မျိုးရေးသားနိုင်ရန် ဆောင်ရွက်ထားပြီး စမ်းသပ်ကျင့်သုံးရာတွင် အခက်အခဲများကို ကြိုတင်သိရှိနိုင်၍ဖြေရှင်းနိုင်ရန် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေး ဦးစီးဌာနနှင့် မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်တို့ ဆက်လက်အကောင်အထည်ဖော် လျက်ရှိသည်။
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာ လုံခြုံရေး ဦးစီးဌာနမှညွှန်ကြားရေးမှူးဦးရဲနိုင်မိုးက ယူနီကုတ်စနစ်ကို(၂၀ဝ၆)ခုနှစ်မှ စတင်ခဲ့ပြီး(၂၀၁၉) ခုနှစ်၊ ဖေဖော်ဝါရီ(၂၁)ရက်တွင် အမျိုးသားစံချိန် စံညွှန်းကောင်စီမှ နိုင်ငံတကာသုံး ယူနီကုတ်စနစ်အား မြန်မာစံချိန်စံညွှန်းအဖြစ်သတ်မှတ်ထုတ်ပြန်ကြေငြာခဲ့ပြီး ဧပြီ(၁)ရက်မှစ၍ အစိုးရဌာနများတွ င်ပြောင်းလဲ သုံးစွဲခဲ့ကာ အောက်တိုဘာ(၁)ရက်တွင် မြန်မာနိုင်ငံတစ်ဝှမ်းတွင် စတင်ပြောင်းလဲသုံးစွဲရန် ဆုံးဖြတ်ချက်နှင့်အညီ လုပ်ငန်းရှင်များနှင့် ပညာရှင်များအားလုံး ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဟု သိရသည်။
ဆက်လက်၍မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်ဒုတိယဥက္ကဋ္ဌ ဒေါက်တာထွန်းသူရသက်နှင့် အထွေထွေအတွင်းရေးမှူး ဦးသောင်းစုငြိမ်းတို့က မြန်မာယူနီကုတ် ကူးပြောင်းခြင်းလဲကျင့်သုံးခြင်းဆိုင်ရာ အချက်(၃)ချက်နှင့် နိုင်ငံနှင့်ပြည်သူတို့အတွက် အကျိုးရှိပုံတို့ကိုရှင်းလင်း ပြောကြားကြသည်။
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ကွန်ပျုတာအသင်းချုပ်သည် သက်ဆိုင်ရာ အစိုးရဌာနများ၊ ဆက်သွယ်ရေးအော်ပရေတာများ၊ မီဒီယာလုပ်ငန်းများ၊ အသင်းအဖွဲ့များ၊ ကွန်ပျူတာလုပ်ငန်းများ၊ ဆော့ဖ်ဝဲရေးဆွဲသူများ၊ မိုဘိုင်းဖုန်းထုတ်လုပ်သူများ၊ အပြည်ပြည်ဆိုင်ရာနည်း ပညာကုမ္ပဏီကြီးများ၊ စီးပွားရေး လုပ်ငန်းများ၊ မြန်မာစာအဖွဲ့နှင့် ပညာရှင်းများပူးပေါင်း၍ မြန်မာစာ သုံးစွဲသူများ မြန်မာယူနီကုတ်သို့ တစ်ပြိုင်တည်း ကူးပြောင်းရာတွင် အဘက်ဘက်မှ အဆင်ပြေချောမွေ့စေရန်ဝိုင်းဝန်း ကူညီဆောင်ရွက် ပံ့ပိုးရန်မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်မှ မျှော်မှန်းထားကြောင်း ယနေ့အခမ်းအနားမှ သိရသည်။
သန်းထိုက်
ဓာတ်ပုံ -သန်းစိုး


