နမ္မတူ ၆ ဇူလိုင်


    
မြို့နယ်သစ်တောဦးစီးဌာနမှ ဦးစီး၍ ၂၀၁၉-ခုနှစ် မိုးရာသီ ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး အထောက်အကူပြု ဒုတိယအကြိမ် လူထုပူးပေါင်းပါဝင်သည့် သစ်ပင်စိုက်ပျိုးပွဲကို ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ ခ.မ.ရ (၃၂၄)တပ်အနီး၌ ယနေ့နံနက် (၇)နာရီခွဲအချိန်က ကျင်းပခဲ့သည်။

 

ရှေးဦးစွာ အမှတ် (၃) လှုပ်ရှားစစ်ဗျူဟာမှူး ဗိုလ်မှူးကြီးအောင်ကိုလတ်က အမှာစကားပြောကြားပြီး မြို့နယ်သစ်တောဦးစီးဌာန၊ ဦးစီးမှူး ဦးချမ်းမြေ့အောင်က စိုက်ပျိုးမည့် သစ်ပင်များအား ရှင်သန်အောင် စိုက်ပျိုးနည်းလမ်းများနှင့် ကြီးအောင်ပြုစုထိန်းသိမ်းစောင့်ရှောက်ရေးဆိုင်ရာ နည်းစနစ်များအား ရှင်းလင်းပြောကြားခဲ့သည်။

 

ဆက်လက်၍ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ပြည်သူများ (၂၅၀)ဦးခန့် ပါဝင်သောအဖွဲ့သည် ကျွန်း၊ ယူကလစ်၊ မယ်ဇလီ၊ ရေသင်းဝင်၊ ယမနေ ( ၄၀ဝ၀)ပင် ခန့် စုပေါင်းစိုက်ပျိုးခဲ့ကြသည်။

 

နမ္မတူမြို့နယ် သစ်တောဦးစီးဌာနမှ ၂၀၁၉-ခုနှစ် မိုးရာသီ ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး အထောက်အကူပြု ဒုတိယအကြိမ် လူထုပူးပေါင်းပါဝင်သည့် သစ်ပင်စိုက်ပျိုးပွဲအနေဖြင့် ကျွန်း၊ ယမနေ၊ ယူကလစ်၊ မယ်ဇလီ၊ ရေသင်းဝင်၊ ထင်းရှူးပင်များအား ခိုဖိတ်ကျေးရွာအနီးတွင် (၄၀ဝ၀)ပင်၊  မန်တုံ-နမ္မတူ ကားလမ်းဘေးတွင် (၂၀ဝ၀)ပင်၊ ကြူဆော့ကျေးရွာအုပ်စုတွင် (၁၃၄၀)ပင်၊ ပန်ဟိုက် (၈)ရပ်ကွက်တွင် (၁၃၄၀)ပင်၊ နားဆိုင်းကျေးရွာအုပ်စုတွင် (၁၃၄၀)ပင်၊ နမ့်တောင်ကုန်းကျေးရွာအုပ်စုတွင် (၁၃၄၀)ပင်၊ နမ့်ယန်းကျေးရွာအုပ်စု မန်တုံဘိနယ်တွင်  (၁၀၆၂)ပင်၊ စုစုပေါင်း (၁၂၄၂၂)ပင်ခန့် စိုက်ပျိုးနိုင်ခဲ့ကြောင်း သတင်းရရှိသည်။

 

လူမော်(ပြန်/ဆက်)