မြိတ် ၆ ဇူလိုင်
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် (၇၂)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် မြို့နယ်အဆင့် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲကို ယနေ့ နံနက်(၉)နာရီမှ(၁၁)နာရီအထိ အထက(၁)မြိတ်တွင် ကျင်းပခဲ့သည်။
စာစီစာကုံးပြိုင်ပွဲတွင် အထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့် ပြိုင်ပွဲကျင်းပခဲ့ပြီး အထက်တန်းအဆင့်တွင် အာဇာနည်နေ့နှင့် သမိုင်းပေးတာဝန်၊ အလယ်တန်းအဆင့်တွင် အာဇာနည်နေ့နှင့် လူငယ်တာဝန်၊ မူလတန်းအဆင့်တွင် အာဇာနည်နေ့ဒို့မမေ့ ခေါင်းစဉ်များဖြင့် လည်းကောင်း၊ ကဗျာပြိုင်ပွဲတွင် အထက်တန်းနှင့် အလယ်တန်းအဆင့်ပြိုင်ပွဲကျင်းပခဲ့ပြီး အထက်တန်း အဆင့်တွင် အာဇာနည်နေ့မှသည် အနာဂတ်ခေတ်သစ် ဆီသို့၊ အလယ်တန်းအဆင့်တွင် အာဇာနည်နေ့အတွေးနှင့်သန္နိဋ္ဌာန်ခေါင်းစဉ်ဖြင့်လည်းကောင်း ကျင်းပခဲ့သည်။
စာစီစာကုံးပြိုင်ပွဲအထက်တန်းအဆင့်တွင် ကျောင်းသား/ကျောင်းသူ(၃၄)ဦး၊ အလယ်တန်းအဆင့်တွင်(၃၂)ဦး၊ မူလတန်းအဆင့်တွင်(၃၃)ဦး၊ ကဗျာပြိုင်ပွဲအထက်တန်းအဆင့်တွင်(၁၇)ဦး၊ အလယ်တန်းအဆင့်တွင်(၁၈)ဦးဝင် ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။ ပြိုင်ပွဲများတွင် ဆုရရှိသော ကျောင်းသား/ကျောင်းသူများကို ဇူလိုင်လ(၁၈)ရက်နေ့တွင် ကျင်းပမည့် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲတွင် ဆုများ ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း မြို့နယ် ပညာရေးမှူးထံမှ သိရသည်။
ခိုင်ထူး ( မြိတ် ပြန်/ဆက် )


