နေပြည်တော် ၆ ဇူလိုင်
ပြည်တောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ ဇီးဖြူပင်ကျေးရွာအုပ်စု၊ ဇီးဖြူပင်ကျေးရွာတွင် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနမှ IFAD ချေးငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် စနစ်တကျလယ်ယာမြေ(၃၄၆ ဒသမ ၂၁)ဧကအား တောင်သူများ ထံသို့ ပြန်လည် အပ်နှံပွဲကို ယနေ့၊ နံနက် ၈ နာရီတွင် ဇီးဖြူပင်စနစ်ကျ လယ်ယာမြေအတွင်းရှိ တောင်သူများ ပညာပေးရှင်းလင်းဆောင်၌ ကျင်းပသည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်က ဇီးဖြူပင်စနစ်ကျလယ်ယာ မြေဖော်ထုတ်ခြင်းဖြင့် ကျေးရွာအုပ်စုရှိ သမားရိုးကျလယ်ယာမြေ(၃၄၆.၂၁)ဧကသည် သီးထပ် စိုက်ပျိုးနိုင်သော လယ်ယာမြေသို့ပြောင်လဲသွားပြီး၊ ပြုပြင်ပြီးလယ်ယာမြေများ၏ တန်းဖိုးမှာ မူလမြေထက်များစွာတန်းဖိုးမြင့်တက်ကွာခြားသွားမည်ဖြစ်ကြောင်း စနစ်ကျလယ်ယာမြေ ဧရိယာ အတွင်း ရေသွင်းမြောင်း၊ ရေနုတ်မြောင်းများ သီးခြားစီရှိသည့်အတွက် တောင်သူအချင်းချင်းအကြား၌ ရေကြောင့်ဖြစ်ပွားခဲ့သော ပဋိပက္ခများမှ ကင်းဝေးခြင်း၊ ရေနှစ်မြုပ်ခြင်းကြောင့် သီးနှံများဆုံးရှုံးမှု ဒုက္ခမှကင်းဝေးခြင်း၊ လယ်ယာထုတ်ကုန်များ လွယ်ကူစွာ သယ်ပို့နိုင်ခြင်း၊ ဆည်ရေသောက် ဧရိယာအတွင်း စိုက်ပျိုးရေလုံလောက်စွာရရှိခြင်း၊ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဖြစ်ပေါ်သည့် ရေကြီးနစ်မြုပ်မှုများကို အချိန်တိုအတွင်းလျော့နည်းသက်သာစေခြင်းတို့ကြောင့် လယ်ယာ ထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်နိုင်ပြီး စားနပ်ရိက္ခာဖူလုံနိုင်မည့်အပြင် တောင်သူလယ်သမားများအတွက်လည်း ဝင်ငွေတိုးတက်စေမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ပျဉ်းမနားမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသန်းစိုးအောင်က ဇီးဖြူပင်စနစ်ကျလယ်ယာမြေဖော်ထုတ်ခြင်းလုပ်ငန်းများအား ဆွေးနွေးပြောကြားပြီး၊ ဦးထွန်းဝင်း (Director, FARM Project)မှ စနစ်ကျလယ်ယာမြေဖော်ထုတ်ပြီးလုပ်ငန်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပေးသည်။
ယင်းနောက် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ တည်ဆောက်ရေး(၅)မှ ဒုတိယညွှန်ကြားရေးမှူး ဦးကိုကိုနိုင်မှ စီမံကိန်းအကောင်အထည်ဖော်ခဲ့မှု အခြေအနေအား ရှင်းလင်းတင်ပြပေးပြီး၊ နေပြည်တော်ကောင်စီဝင်ဦးအေးမောင်စိန်က ဖော်ဆောင်ပြီးစနစ်ကျလယ်ယာ မြေတွင် တောင်သူများ ပြန်လည်နေရာချထားမှုအစီအစဉ် ပုံစံအား ဇီးဖြူပင်ကျေးရွာအုပ်ချုပ်ရေးမှူးထံ လွှဲပြောင်ပေးအပ်သည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် ဇီးဖြူပင်ကျေးရွာ၊ အခြေခံပညာအလယ်တန်းကျောင်းမှ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) အဖြစ်အဆင့် တိုးမြှင့် ဖွင့်လှစ်ခြင်းနှင့် ကျောင်းဆောင်သစ်ဖွင့်ပွဲသို့ တက်ရောက်ကြသည်။
အခမ်းအနားတွင် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်၊ နေပြည်တော် ကောင်စီဝင်များဖြစ်သည့် ဗိုလ်မှူးကြီးမင်းနောင်၊ ဦးအေးမောင်စိန်၊ ဦးညီထွန်း၊ ပျဉ်းမနားမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသန်းစိုးအောင်၊ နေပြည်တော်တိုင်းပညာရေးမှူး ဦးမျိုးဝင်းအောင် နှင့် ဒက္ခိဏခရိုင်ပညာရေးမှူး ဦးမြင့်ဦးတို့က အလျား(၁၅၀)ပေ၊ အနံ(၃၀)ပေ Steel Structure တစ်ထပ်တိုက်ကျောင်းဆောင်သစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး၊ အခြေခံပညာအလယ်တန်း ကျောင်းမှ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)အဖြစ်အဆင့် တိုးမြှင့် ဖွင့်လှစ်ခြင်းအခမ်းအနားကို ကျင်းပရာ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားပေးသည်။
ထို့နောက် ကျောင်းအဆင့်တိုးမြှင့်ခြင်းအထိမ်းအမှတ်အလံအား နေပြည်တော်ကောင်စီဥက္ကဋ္ဌ ထံသို့ ပျဉ်းမနားမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်မှ လည်းကောင်း၊ နေပြည်တော် ပညာရေးမှူးထံသို့ ဇီးဖြူပင်ကျေးရွာအခြေခံပညာအထက်တန်းကျောင်း(ခွဲ) ကျောင်းအုပ်ဆရာမကြီး တို့မှ ပေးအပ်ပြီး၊ ကျောင်းဆောင်သစ်တည်ဆောက်ခြင်းနှင့် ပတ်သက်သည့်အချက်အလက်များအား Helium ကုမ္မဏီမှ MD ဦးနေအောင်မှ ဒက္ခိဏခရိုင်ပညာရေးမှူး ထံသို့ လွှဲပြောင်းပေးအပ်သည်။
ယင်းနောက် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် ဇီးဖြူပင်ကျေးရွာမှ ကျောင်းဆရာ၊ ဆရာမများ၊ ကျောင်းကော်မတီဝင်များ၊ ကျေးရွာမိ၊ကျေးရွာဖများနှင့် တွေ့ဆုံကာ ပညာရေး၊ ကျန်းမာရေးနှင့် ကျေးရွာဖွံ့ဖြိုးရေးကိစ္စများကို ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
စိုးမိုး(ပြန်/ဆက်)


