မန္တလေး ၆ ဇူလိုင်
ပြည်သူလူထုအခြေပြု စွန့်ပစ်အမှိုက် စီမံခန့်ခွဲခြင်းစီမံချက်အရ စုပေါင်းသန့်ရှင်းရေး (အမှိုက်ကောက်ခြင်း)ကို အောင်မြေသာစံမြို့နယ်တွင် အပတ်စဉ်စနေနေ့တိုင်း ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၆ နာရီခွဲက အောင်မြေသာစံမြို့နယ်၊ ညောင်ကွဲရပ်ကွက်တွင် စုပေါင်းသန့်ရှင်းရေး (အမှိုက်ကောက်ခြင်း)ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စုပေါင်းသန့်ရှင်းရေး (အမှိုက်ကောက်ခြင်း) ပြုလုပ်ရာသို့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာသန်းဝင်း၊ အောင်မြေသာစံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမြင့်အောင်နှင့် ဝန်ထမ်းများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ရပ်ကွက်နေပြည်သူများ စုစုပေါင်း ၂၀ဝ ကျော်တို့က ရှင်အရဟံသိမ်ဘုရားအရှေ့ ၉ လမ်းနှင့် ၈၉ လမ်းထောင့်တွင် စုရပ်ပြုလျက် အဖွဲ့သုံးဖွဲ့ခွဲကာ ၉ လမ်းမှ ၈၉ လမ်းတစ်လျှောက် မြောက်ဘက်သို့တစ်ဖွဲ့၊ ၉ လမ်းမှ ၈၉ လမ်းတစ်လျှောက် တောင်ဘက်သို့တစ်ဖွဲ့၊ ၉ လမ်းမှ အရှေ့ဘက် မဟာသန္တာရုံကျောင်းတိုက်အရှေ့သို့ တစ်ဖွဲ့ အဖွဲ့များခွဲကာ လမ်းဘေးဝဲယာတစ်လျှောက် အမှိုက်များ ကောက်ယူခြင်း၊ ချုံနွယ်များ ရှင်းလင်းခြင်းတို့ကို စုပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ဇော်လင်းဦး(အောင်စံ)


