နေပြည်တော် ၆ ဇူလိုင် 


၂၀၁၉ ခုနှစ် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန သမဝါယမ ဦးစီးဌာန ရုံးအမှတ် (၁၆)၌ ကျင်းပရာ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက် အမှာစကား ပြောကြားသည်။


အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဒေါက်တာအောင်သူ၊ ဦးသန့်စင်မောင်၊ ဦးခင်မောင်ချို၊ ဦးသောင်းထွန်း၊ နိုင်သက်လွင်၊ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ ဒုတိယဝန်ကြီး ဦးလှကျော်၊ လွှတ်တော်ကိုယ်စားလှယ်များ၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီဝင်များ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဗဟိုသမဝါယမအသင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ် သမဝါယမ အသင်းစုဥက္ကဋ္ဌများနှင့် ဒါရိုက်တာအဖွဲ့ဝင်များ၊ INGOs အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ သမဝါယမအသင်းသူ အသင်းသားများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

1


ရှေးဦးစွာ ၂၀၁၉ ခုနှစ် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ဈေးရောင်းပွဲတော် ဖွင့်ပွဲအခမ်းအနားကို သမဝါယမဦးစီးဌာနရုံး ရှေ့မျက်နှာစာ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ၊ ဒုတိယဝန်ကြီး ဦးလှကျော်၊ အမျိုးသားလွှတ်တော်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်းကော်မတီဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်နှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ် ဖွင့်လှစ်ကြသည်။
    
    
ထို့နောက် ၂၀၁၉ ခုနှစ် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့အခမ်းအနားကို သမဝါယမဦးစီးဌာန အစည်းအဝေးခန်းမ၌ ဆက်လက်ကျင်းပသည်။
    

ရှေးဦးစွာ တေးသံရှင်စောဖိုးခွား၏ “နှလုံးအိမ်ထက်က သက်တံ့ရောင်” သမဝါယမ တေးသီချင်းဖြင့် အခမ်းအနားကို ဖွင့်လှစ်သည်။

1


ယင်းနောက် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက အမှာစကား ပြောကြားရာတွင် နိုင်ငံတကာရှိ သမဝါယမအသင်းများ အချင်းချင်း ချစ်ကြည်ရင်းနှီးစွာ ပေါင်းသင်းဆက်ဆံရေးနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများ တိုးတက်လာစေရေးဟူသည့် ရည်ရွယ်ချက်များဖြင့် အပြည်ပြည်ဆိုင်ရာ သမဝါယမအဖွဲ့ချုပ် (International Cooperative Alliance - ICA) ကို ၁၈၉၅ ခုနှစ်တွင် ဖွဲ့စည်းထူထောင်ခဲ့ပါကြောင်း၊ သမဝါယမဦးစီးဌာနတွင် မှတ်ပုံတင်ထားသည့် ဗဟိုသမဝါယမအသင်းလီမိတက်သည် ၁၉၉၃ ခုနှစ်တွင် ICA အဖွဲ့ဝင်အဖြစ် ဝင်ရောက်ခဲ့ပါကြောင်း၊ ICA အဖွဲ့ဝင်နိုင်ငံ ဖြစ်သည်နှင့်အညီ အပြည်ပြည်ဆိုင်ရာ သမဝါယမအဖွဲ့ချုပ်၏ လှုပ်ရှားဆောင်ရွက်မှုများတွင် ပူးပေါင်းပါဝင် ဆောင်ရွက်လျက်ရှိပါကြောင်း။
    

၁၉၉၄ ခုနှစ်တွင် ကျင်းပခဲ့သည့် (၄၉)ကြိမ်မြောက် ကမ္ဘာ့ကုလသမဂ္ဂအထွေထွေ ညီလာခံကြီးက နှစ်စဉ် ဇူလိုင်လပထမပတ်စနေနေ့ကို အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့အဖြစ် ဂုဏ်ပြုသတ်မှတ်ချက်အရ နှစ်စဉ် ဇူလိုင်လ ပထမပတ်စနေနေ့တွင် ကမ္ဘာအရပ်ရပ်ရှိ သမဝါယမအဖွဲ့အစည်းများအနေဖြင့် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ အခမ်းအနားကို နိုင်ငံအလိုက် ကျင်းပခဲ့ကြရာ ယနေ့ကျင်းပပြုလုပ်သည့် အခမ်းအနားသည် မြန်မာနိုင်ငံ၌ (၂၅)ကြိမ်မြောက် ကျင်းပပြုလုပ်သည့် အခမ်းအနား ဖြစ်ပါကြောင်း။
    


ယခုနှစ် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ဆောင်ပုဒ်ဖြစ်သည့် “Inclusive Development and Decent Work အားလုံးပါဝင်သော ဖွံ့ဖြိုးမှုတွင် သင့်တင့်လျောက်ပတ်သော အလုပ်အကိုင်ဖော်ဆောင်ပေးရေး" ဆိုသည့် ဆောင်ပုဒ်နှင့်အညီ သမဝါယမအသင်းအဖွဲ့များအနေဖြင့် အသင်းဝင်အချင်းချင်း၊ အသင်းအချင်းချင်း အလျားလိုက်၊ ဒေါင်လိုက်အချိတ်အဆက်မိမိ ပူးပေါင်းကြိုးပမ်း ဆောင်ရွက်ခြင်း၊ လုပ်ငန်းခွင်အတွင်း တရားမျှတမှုရှိသည့် လူမှုအသိုက်အဝန်းတစ်ခု ဖြစ်ပေါ်လာရေး၊ လက်ရှိအလုပ်အကိုင်များ ခန့်ထားပေးနိုင်မှုကို တည်မြဲစေဖို့ ကာကွယ်ထိန်းသိမ်း စောင့်ရှောက်ပေးနိုင်ရေး၊ ကောင်းမွန်သည့် အလုပ်အကိုင်များ ဖန်တီးပေးရာတွင် အားပေးမြှင့်တင် ဆောင်ရွက်ပေးရေးနှင့် လူသားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ဒီမိုကရေစီနည်းလမ်းဖြင့် စနစ်တကျ အဓိကဦးစားပေး ထိန်းချုပ်ဖော်ဆောင်ပေးလျက်ရှိသည့် ပြည်သူဗဟိုပြု သမဝါယမလုပ်ငန်းများဖြစ်ကြောင်း အများပြည်သူသိမြင်နိုင်စေရေးကို အပြည်ပြည်ဆိုင်ရာ သမဝါယမအဖွဲ့ချုပ်ကြီးက တိုက်တွန်းနှိုးဆော်ထားပါကြောင်း။


ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးက ချမှတ်ထားသည့် ၂၀၃၀ ခုနှစ်အထိ စဉ်ဆက်မပြတ် ဖွံ့ဖြိုးရေးပန်းတိုင် (၁၇)ရပ်ကို ကမ္ဘာ့နိုင်ငံအသီးသီးက အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိနေကြပါကြောင်း၊ အပြည်ပြည်ဆိုင်ရာ သမဝါယမအဖွဲ့ချုပ်အနေဖြင့် ကုလသမဂ္ဂ၏စဉ်ဆက်မပြတ် ဖွံ့ဖြိုးရေးပန်းတိုင်(၈)တွင် ပါရှိသည့် ''Inclusive Development and Decent Work အားလုံးပါဝင်သော ဖွံ့ဖြိုးမှုတွင် သင့်တင့်လျောက်ပတ်သော အလုပ်အကိုင်ဖော်ဆောင်ပေးရေး"ကို သိသာပေါ်လွင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ကမ္ဘာ့သမဝါယမ အသင်းအဖွဲ့များကို တိုက်တွန်းနှိုးဆော်ထားသည်ကို တွေ့ရမှာဖြစ်ပါကြောင်း၊ အဆိုပါ ပန်းတိုင်(၈)ကို အကောင်အထည်ဖော်ရာတွင် နိုင်ငံအလိုက်တစ်ဦးကျဝင်ငွေ တိုးတက်မှုနှုန်း စဉ်ဆက်မပြတ်ထိန်းသိမ်းရေး၊ ထုတ်ကုန်ထုတ်လုပ်သည့်ကဏ္ဍနှင့် လုပ်သားအင်အား အသုံးပြုလုပ်ဆောင်သည့် ကဏ္ဍများ အလေးပေးဆောင်ရွက်ရေး၊ သင့်တင့်လျောက်ပတ်သည့် အလုပ်အကိုင်ဖန်တီးပေးနိုင်ရေး၊ စီးပွားရေးစွန့်စားလိုစိတ်၊ ဖန်တီးတီထွင်နိုင်စွမ်းနှင့် ပြုပြင်ပြောင်းလဲလိုမှုများကို အားပေးမည့်ဖွံ့ဖြိုး တိုးတက်ရေး မူဝါဒများ အားပေးမြှင့်တင်ရေး၊ ၂၀၃၀ ခုနှစ်တွင် လူငယ်များနှင့် မသန်စွမ်းသူများ အပါအဝင် အမျိုးသမီးများနှင့် အမျိုးသားများအားလုံး အလုပ်အကိုင်အပြည့်အဝရရှိရေးနှင့် တူညီသည့်အလုပ်အတွက် တူညီသည့် လုပ်ခလစာရရှိရေး၊ ကလေးလုပ်သားများကို အတင်းအဓမ္မခိုင်းစေခြင်းများ အဆုံးသတ်ရေး၊ အလုပ်သမားအားလုံးအတွက် လုပ်ငန်းခွင် ဘေးကင်းလုံခြုံမှုတိုးမြှင့်ရေးနှင့် လုပ်သားအခွင့်အရေးများ ကာကွယ်ပေးရေး၊ ၂၀၃၀ ခုနှစ်တွင် အလုပ်အကိုင်အခွင့်အလမ်းများကို ဖန်တီးပေးနိုင်သည့်မူဝါဒများ အကောင်အထည်ဖော် ဆောင်ရွက်ရေး၊ ဘဏ္ဍာရေးဆိုင်ရာ ဝန်ဆောင်မှု အားကောင်းလာစေရေး၊ ကုန်သွယ်ရေးဆိုင်ရာ အကူအညီအထောက်အပံ့ တိုးမြှင့်ရေးတို့ကို ဦးစားပေးဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း။


ယနေ့ကမ္ဘာတွင် ဆင်းရဲချမ်းသာကွာဟချက်များ၊ လူမှုရေးနှင့် စီးပွားရေးမညီမျှမှုများကို စိန်ခေါ်မှုများအဖြစ် နေ့စဉ်ကြုံတွေ့နေရပါကြောင်း၊ စစ်မက်ဖြစ်ပွားမှု၊ အစားအစာ ငတ်မွတ်ခေါင်းပါးမှု၊ သဘာဝပတ်ဝန်းကျင် ပျက်စီးယိုယွင်းမှုနှင့် သဘာဝဘေးဆိုးများ ကျရောက်မှု၊ ရောဂါဆိုးဖြစ်ပွားမှု၊ လူကုန်ကူးမှု စသည့်များစွာသော ပြဿနာများကိုလည်း ရင်ဆိုင်နေကြရပါကြောင်း၊ ထိုသို့သောမညီမျှမှုများနှင့် ပဋိပက္ခစိန်ခေါ်မှုများ လျော့ပါးသက်သာစေရေးအတွက် သမဝါယမအသင်းအဖွဲ့များအနေဖြင့်လည်း တစ်ဖက်တစ်လမ်းက အထောက်အကူပြုနိုင်ရန် ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း။


ကမ္ဘာ့သမဝါယမများအနေဖြင့် ၂၀၁၂ ခုနှစ်ကာလများက လူဦးရေသန်း (၁၀ဝ)ကျော်ကို ဝင်ငွေရရှိနိုင်သည့် အလုပ်အကိုင်များ ဖန်တီးပေးနိုင်ခဲ့ပြီး မျက်မှောက်ကာလတွင် လူဦးရေ (၂၇၉)သန်းကျော်ကို အလုပ်အကိုင်များ ဖန်တီးပေးနိုင်နေပြီဖြစ်ပါကြောင်း။


မြန်မာ့သမဝါယမကဏ္ဍအနေဖြင့်လည်း ကျေးလက်နေအသင်းသား တောင်သူများအတွက် ငွေကြေးဆိုင်ရာ ထောက်ပံ့မှုများကို လက်တွေ့ကျကျ ဆောင်ရွက်လျက်ရှိပြီး လက်ရှိရရှိထားသည့် အောင်မြင်မှုအရှိန်အဟုန်အတိုင်း ဆက်လက်ကြိုးပမ်း ဆောင်ရွက်ကြရန် မှာကြားလိုပါကြောင်း။
    

ယနေ့အခမ်းအနားနှင့်အတူ (၁၁)ကြိမ်မြောက်အတွက် တာဝန်ကျေပြန်လည်ပေးဆပ်ပြီးသည့် စိုက်ပျိုးရေး သမဝါယမအသင်းသားများအတွက် (၁၂)ကြိမ်မြောက်အဖြစ် အသေးစားအရင်းအနှီးချေးငွေကျပ် (၂၁၁ဒသမ၉၉၂)ဘီလီယံ၊ စက်မှုလယ်ယာ စနစ်သို့ အဆင့်မြှင့်တင်ရန် လယ်ဧက (၃၇၅၃)ဧကအတွက် ချေးငွေကျပ် (၁ ဒသမ ၁၁၀) ဘီလီယံနှင့် မျိုးစေ့ထုတ် သမဝါယမအသင်းများသို့ ချေးငွေကျပ် (ဝ ဒသမ ၁၃၄) ဘီလီယံတို့ကို ဗဟိုသမဝါယမအသင်းမှတစ်ဆင့် အသင်းစုချုပ်များသို့ ချေးငွေများ ပေးအပ်သွားမည်ဖြစ်ပါကြောင်း၊ အဆိုပါချေးငွေများကို သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အတွင်းရှိ သမဝါယမအသင်းသားများသို့ အသင်းအဆင့်ဆင့်လမ်းကြောင်းမှတစ်ဆင့် စနစ်တကျ အမြန်ဆုံး ဆက်လက်ထုတ်ချေးပေးသွားရန် တိုက်တွန်းမှာကြားလိုပါကြောင်း။


လယ်ယာကဏ္ဍမူဝါဒနှင့် လုပ်ငန်းစဉ်များတွင် သမဝါယမကဏ္ဍအနေဖြင့် ယခုကဲ့သို့ ပါဝင်အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းသည် တိုင်းပြည်စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုနေပါကြောင်း၊ ယနေ့ကမ္ဘာ့နိုင်ငံများရှိ သမဝါယမလုပ်ငန်းများ အောင်မြင်ဖွံ့ဖြိုးတိုးတက်ပြီး သက်ဆိုင်ရာနိုင်ငံများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးရေးကို အထောက်အကူပြုလျက်ရှိနေသည်ကို တွေ့မြင်ကြားသိရပါကြောင်း၊ မိမိတို့နိုင်ငံတွင်လည်း သမဝါယမကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုအခန်းကဏ္ဍများတွင် သမဝါယမအသင်းများအနေဖြင့် ယခုလက်ရှိအနေအထားထက် ပိုမိုလုပ်ဆောင်ပေးကြရန် တိုက်တွန်းလိုပါကြောင်း၊ မျိုးစေ့ထုတ်လုပ်ရေး သမဝါယမအသင်းနှင့် လယ်ယာအထောက် အကူပြုဝန်ဆောင်မှု သမဝါယမအသင်းတို့အနေဖြင့် လယ်ယာသွင်းအားစုများ ရောင်းချခြင်းလုပ်ငန်းကို တောင်သူများ၏ ဆန္ဒနှင့်အညီ တိုးချဲ့ဖွဲ့စည်းသွားကြရန်နှင့် လယ်ယာထုတ်ကုန် သီးနှံတိုးမြှင့်ထုတ်လုပ်ရေး ကွင်းဆက်တစ်လျှောက်တတ်နိုင်သည့် အပိုင်းတွင် သမဝါယမအသင်းများအနေဖြင့် ကူညီပံ့ပိုးဆောင်ရွက်သွားကြရန် တိုက်တွန်းလိုပါကြောင်း။
    

လူမှုစီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး ဦးတည်ကြိုးပမ်းဆောင်ရွက်နေသည့် ကာလတွင် မြန်မာ့သမဝါယမအသင်းအဖွဲ့များအနေဖြင့် လူမှုအသိုက်အဝန်း ဖွံ့ဖြိုးတိုးတက်စေရေး၊ လုပ်ငန်းခွင်အတွင်း တရားမျှတမှုရှိသည့် လူမှုအသိုက်အဝန်းတစ်ခု ဖြစ်ပေါ်လာရေး၊ လက်ရှိအလုပ်အကိုင်များ ခန့်ထားပေးနိုင်မှုကို တည်မြဲစေရန်ကာကွယ် ထိန်းသိမ်းစောင့်ရှောက်ပေးနိုင်ရေး၊ ကောင်းမွန်သည့် အလုပ်အကိုင်များ ဖန်တီးပေးရာတွင် အားပေးမြှင့်တင်ဆောင်ရွက်ပေးရေးနှင့် လူသားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ဒီမိုကရေစီနည်းလမ်းဖြင့် စနစ်တကျဦးစားပေး ပူးပေါင်းပါဝင် ဖြည့်ဆည်းဆောင်ရွက်ကြပါစို့ဟု တိုက်တွန်းအပ်ပါကြောင်း ပြောကြားသည်။
    

ထို့နောက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ၂၀၁၉ ခုနှစ် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့နှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
    

ယင်းနောက် ဗဟိုသမဝါယမအသင်းလီမိတက် ဒါရိုက်တာအဖွဲ့ဝင်ဒေါက်တာ တိုးနန္ဒာတင်က အပြည်ပြည်ဆိုင်ရာ သမဝါယမအဖွဲ့ချုပ်မှပေးပို့သည့် သဝဏ်လွှာကို ဖတ်ကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ၊ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်၊ ဦးခင်မောင်ချို၊ နိုင်သက်လွင်နှင့် ဦးသောင်းထွန်း၊ ဒုတိယဝန်ကြီး ဦးလှကျော်၊ အမျိုးသားလွှတ်တော် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်းကော်မတီဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်တို့က တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့အသေးစား အရင်းအနှီး ချေးငွေများ၊ မျိုးစေ့ထုတ်လုပ်ငန်းနှင့် လယ်ယာမြေအဆင့်မြှင့်တင်ခြင်းလုပ်ငန်းတို့အတွက် ချေးငွေများ၊ သမဝါယမအသင်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စွမ်းဆောင် ရည်အမြင့်မားဆုံး ဆုရ သမဝါယမအသင်းစုချုပ်များ၊ မြို့နယ်သမဝါယမအသင်းစုများ၊ ကုန်ထုတ်/ ဝန်ဆောင်/ ကုန်သွယ်မှု လုပ်ငန်းများတွင် အမြင့်မားဆုံးစွမ်းဆောင်နိုင်သည့် သမဝါယမအသင်းများနှင့် ဘက်စုံထူးချွန်ဆုရ သမဝါယမအသင်းများ၊ အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ အခမ်းအနားတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်ပြခန်းများမှ ဆုရရှိကြသည့် ပြခန်းများကို ဆုများပေးအပ်ချီးမြှင့်ကြသည်။

 

1


ယင်းနောက် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့်အတူ မှတ်တမ်းတင်ဓာတ်ပုံရိုက်ပြီး ၂၀၁၉ ခုနှစ် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့အထိမ်းအမှတ် ဈေးရောင်းပွဲတော်နှင့် ပြခန်းများကို လှည့်လည်ကြည့်ရှုကြသည်။


သတင်းစဉ်