ရန်ကုန် ၆ ဇူလိုင်

ဥက္ကာသီရိကုမ္ပဏီလီမိတက်မှ လူနာများနှင့် တိုက်ရိုက်ထိတွေ့ကာ ကျန်းမာရေးစောင့်ရှောက်မှု ပေးလျက်ရှိသော ကျန်းမာရေးဝန်ထမ်းများထံသို့ ရာသီတုပ်ကွေးရောဂါအပါအဝင် ကူးစက်ရောဂါ ပြန့်ပွားကူးစက်မှုကိုကာကွယ်ရာတွင် အသုံးပြုရန်အတွက် ပြင်သစ်နိုင်ငံထုတ် လက်ဆေးသန့်စင် ဆေးရည် Aniosgel 85 NPC (500 ml) ဘူး (၁၀ဝ၀) လှူဒါန်းပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းတွင် ဗဟန်းမြို့နယ်ရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဧည့်ခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက လှူဒါန်းမှုအားလက်ခံပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် မွန်းလွဲပိုင်းတွင် Mercure Hotel, Grand Ballroom ၌ ကျင်းပခဲ့သည့် ရန်ကုန်တိုင်းဒေသကြီးအဆင့် (၂၀၁၉-၂၀၂၀)ပညာသင်နှစ် ကျန်းမာရေးအဆင့်မြှင့် ကျောင်းလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင်ရေး အသိပေးဆွေးနွေးပွဲ အခမ်းအနားသို့ တက်ရောက်သည်။

 

mdn

 

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက နိုင်ငံ၏အနာဂတ်ဖြစ်သည့် ကျောင်းသား၊ ကျောင်းသူလူငယ်များ ကျန်းမာကြံ့ခိုင်စေရေး ရှေ့လုပ်ငန်းစဉ်များ ဆောင်ရွက်ရေးအတွက် ယနေ့ပြုလုပ်သည့် အသိပေးဆွေးနွေးပွဲသည် အလွန်အရေးကြီးပါကြောင်း၊ ကျန်းမာရေး အဆင့်မြှင့်ကျောင်းလုပ်ငန်းများသည် တစ်ကြိမ်တစ်ခါတည်းသာ လုပ်ဆောင်ရသော လုပ်ငန်းမျိုးမဟုတ်ဘဲ စဉ်ဆက်မပြတ်ဆက် လက်ဆောင်ရွက်နေရသည့် လုပ်ငန်းဖြစ်ပါကြောင်း။

တိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့ လူမှုရေးဝန်ကြီးများမှ ဦးဆောင်ကဏ္ဍမှ ဆောင်ရွက်သွားကာ ပညာရေး၊ ကျန်းမာရေးနှင့် အားကစားကဏ္ဍတို့မှ တာဝန်ရှိသူများက ပူးပေါင်းချိတ်ဆက်မှုကောင်းစွာဖြင့် ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ အခြေခံပညာကျောင်းများတွင် ကျောင်းအုပ်ကြီးများ၊ ဆရာ၊ ဆရာမများ၊ မိဘများ၊ ကျောင်းသား၊ ကျောင်းသူများ၊ မိဘ-ဆရာအသင်းများ၊ တက္ကသိုလ်များတွင် ပါမောက္ခချုပ်များ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသားသမဂ္ဂ ကိုယ်စားလှယ်များမှ ကိုယ်တိုင်ပါဝင်ဆောင်ရွက်မှုရှိမှသာ လုပ်ငန်းများရေရှည်တည်တံ့ကာ အောင်မြင်နိုင်မည်ဖြစ်ပါကြောင်း၊

တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် (၉ ဒသမ ၇) သန်းဦးခန့်ရှိသော ကျောင်းသား၊ ကျောင်းသူလူငယ်များ ကျန်းမာရေးနှင့် ညီညွတ်သော နေထိုင်စားသောက်မှုများ ဆောင်ရွက်ခြင်းဖြင့် ပိုမိုကျန်းမာသန်စွမ်းလာပြီး အနာဂတ်တွင် နိုင်ငံတော်၏ ပညာရေး၊ ကျန်းမာရေး၊ အားကစား၊ စီးပွားရေး စသည်ဖြင့် ကဏ္ဍအသီးသီးအတွက် စွမ်းဆောင်ရှင်များ ထွက်ပေါ်လာမည်ဖြစ်ပါကြောင်း။


ထို့ပြင် ကျန်းမာရေးနှင့် ညီညွတ်သော နေထိုင်စားသောက်မှုပုံစံ၊ အမူအကျင့်များနှင့် ကျန်းမာရေး အသိပညာဗဟုသုတများသည် ကျောင်းနေအရွယ်လူငယ်များမှတစ်ဆင့် ၎င်းတို့၏ မိဘ၊ ဆွေမျိုးများ၊ မိတ်ဆွေများထံသို့  ဆင့်ပွားရောက်ရှိသွားမည်ဖြစ်၍ ပြည်သူများအားလုံးအတွက် အကျိုးရှိစေမည့် ကိစ္စရပ်များပင်ဖြစ်ပါကြောင်း၊ ကျောင်းအုပ်ဆရာမကြီးများ၊ ဆရာ၊ ဆရာမများအနေဖြင့်လည်း ကျောင်းပတ်ဝန်းကျင်သန့်ရှင်းရေးနှင့် ကျောင်းမုန့်ဈေးတန်းများတွင် ဘေးအန္တရာယ်ကင်းရှင်းပြီး အာဟာရပြည့်ဝသော စားသောက်ကုန်များသာ ရောင်းချစေရေးလုပ်ငန်းများကို အလေးထားကာ ဆောင်ရွက်သွားစေလိုပါကြောင်း။

ကိုယ်လက်လှုပ်ရှားအားကစား သင်ကြားလေ့ကျင့်မှုများအတွက် သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ်၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများထံချိတ်ဆက်ကာ ဆောင်ရွက်စေလိုပါကြောင်း၊ ကျန်းမာရေးအဆင့်မြှင့် ကျောင်းလုပ်ငန်းများဆောင်ရွက်ရာတွင် လုပ်ငန်းဆောင်ရွက်မှုကို စောင့်ကြည့်ခြင်းနှင့် လေ့လာသုံးသပ်ခြင်း (monitoring and evaluation) စနစ်ကို တစ်ပါတည်းထည့်သွင်း၍ checklist များ အသုံးပြုပြီး လိုအပ်ချက်၊ အားနည်းချက်ရှိသည်များကို အားဖြည့်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ကျန်းမာရေးအဆင့်မြှင့် ကျောင်းလုပ်ငန်းများကို ဦးစားပေးသတ်မှတ်ကာ ပံ့ပိုးဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။

ကျန်းမာရေးအဆင့်မြှင့်တင်ရေး ကျောင်းလုပ်ငန်းများ ဆောင်ရွက်မှုရာတွင် ရန်ကုန်တိုင်း ဒေသကြီးကို စံနမူနာပြတိုင်းဒေသကြီးတစ်ခု ဖြစ်လာစေရန်အတွက် အားလုံးဝိုင်းဝန်၍ စုစည်းညီညာစွာဖြင့် ဆောင်ရွက်သွားစေလိုပါကြောင်း ပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက အမှာစကားပြောကြားသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာစန္ဒာမှ ကျန်းမာရေးအဆင့်မြှင့်ကျောင်းလုပ်ငန်းစဉ် (၉)ရပ်နှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ညွှန်ကြားခဲ့သည့် လုပ်ငန်းစဉ် (၇)ရပ်တို့နှင့်ပတ်သက်၍ ဆောင်ရွက်မည့်လုပ်ငန်များကို အသေးစိတ် ရှင်းလင်းတင်ပြသည်။

ထို့နောက် အသိပေးဆွေးနွေးပွဲသို့ တက်ရောက်လာကြသူများက သိရှိလိုသည်များကို မေးမြန်းခြင်းနှင့် ဆွေးနွေးအကြံပြုခြင်းများကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။ 

သတင်းစဉ်